
မတ်လ ၁၈ရက်၊ ၂၀၂၄ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် ၁၀ လုံးနီးပါး ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLAPDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားတာ ၃ လကျော်ကြာမြင့်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့မီးလောင်ဗုံးကြဲတာတွေအပြင် စစ်တပ်သတင်းပေးတွေရဲ့ မီးရှို့ဖျက်စီးခံရမှုကြောင့် ဒေသခံနေအိမ် ၄၀၀ ကျော်မီးလောင်ပျက်စီးနေပြီး ဖြစ်ပါတယ်။
မတ်လ ၁၆ ရက်နေ့ ည ၇နာရီကျော်လောက်ကလည်း ကော့ကရိတ်မြို့ထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းတောင်ရပ်ကွက်က ဒေသခံနေအိမ် ၁၀ လုံးနီးပါး တပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ တိုက်ပွဲကတော့မနက်ထဲက ဖြစ်ကြတာ၊ ၉၇ ကနေလည်း လက်နက်ကြီးဆက်တိုက်ပစ်တယ်၊ ၃ လုံးလောက် ပစ်လောက် ခနနားလိုက်နဲ့ တောက်လျှောက်ပစ်တာ၊ မီးမလောင်ဘူး၊ မီးက ညနေ ၆ နာရီကျော်လောက်မှ လောင်တာ၊ ချောင်းတောင်ဘက်မှာ၊ ၁၀လုံးလောက်တော့ ပါသွားမယ်၊ မီးကတော်တော်ကြီးတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားတာတွေမရှိတော့ပေမဲ့ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ပြီး သတ်ကွင်းဖော်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ လက်ရှိ ကော့ကရိတ်မှာ တိုက်ပွဲမဖြစ်ဘူး၊ ငြိမ်နေတာကြာပြီးဗျ၊ စစ်တပ်က စစ်ကြောင်းထိုးတာတွေ မရှိဘူး၊ ဒေသခံနေအိမ်တွေကို မီးရှို့တာတွေကို ဆက်တိုက်လုပ်နေတာပါ၊ သူတို့က မီးရှို့ပြီး သတ်ကွင်းဖော်နေတာ၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ကရင်ပြည်နယ်ထဲက မြဝတီ၊ကော့ကရိတ်၊ကျိုက်ဒုံနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေဘက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေသလို စစ်တပ်က လက်နက်ကြီး ပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံနေအိမ် ပျက်စီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ- Social Media
Phar Si Than(People’s Radio Myanmar)