လောင်းလုံမြို့ပေါ်က အုပ်ချုပ်ရေးမှူးအိမ်နဲ့ စစ်မှုထမ်းဟောင်းရုံး မီးရှို့ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်နှစ်ဦး အသတ်ခံရ

ဒီဇင်ဘာလ ၂၂ရက်နေ့၊ ၂၀၂၃ခုနစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရဲဘော်နှစ်ဦး အသတ်ခံလိုက်ရတယ်လို့ လောင်းလုံမြို့နယ်ရှိ ဒေသခံတွေနဲ့ဆီက‌နေ သိရပါတယ်။

ဒီဇင်ဘာလ ၂၀ရက်နေ့မှာ လောင်းလုံမြို့ကို ဖြတ်သွားတဲ့ စစ်ကောင်စီတပ်ကားကို မိုင်းဆွဲဖို့ သွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကို ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အနီးမှာရှိတဲ့ တဲတစ်ခုထဲ အလောင်းတွေကို မီးရှို့ခဲ့တယ်လို့ လောင်းလုံမြို့နယ်ရှိ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ စစ်တပ်က အတိအကျ သတင်းရတဲ့ ပုံဖြစ်မယ်။ အုန်းသီးဆိုင်းဘုတ်ထနားမှာထောင်ထားတဲ့ မိုင်းကို သူတို့လာခွဲတာ။ အရပ်ဝတ်နဲ့ ရှိနေတဲ့ ရဲဘော်နှစ်ယောက်ကိုလည်း စစ်တပ်က သတင်းအတိအကျရထားတဲ့ ပုံစံမျိုးနဲ့ ပစ်သတ်သွားတယ်” လို့သူကအခုလို ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်ခံလိုက်ရတဲ့ ရဲဘော်နှစ်ဦးက ရဲဘော်သံခြေထောက်နဲ့ ရဲဘော်ကပ္ပလီတို့ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဒီဇင်ဘာလ ၂၀ရက်နေ့ ညနေ ၅နာရီလောက်မှာတော့ လောင်းလုံမြို့နယ်ထဲမှာ ရှိတဲ့ ဒေသတော်လှန်ရေးတပ်တွေက လောင်းလုံမြို့ပေါ်က (ဃ)ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းအိမ်နဲ့ စစ်မှုထမ်းဟောင်းရုံးရှိ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဘန်ကာတွေကို ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံမြို့ရှိ ဒေသခံက ဆက်ပြောပါတယ်။

“ ရဲဘော်တွေသတ်ခံရပြီးတော့မှ အဲ့နေရာနီးတဝိုက်ကို မီးလာရှို့တာ။ ပစ်ခတ်မှုတွေလည်း ဖြစ်သေးတယ်။ စာသင်ကျောင်းရှေ့က ပျူဂိတ်ကိုလည်း မီးရှို့ခဲ့တယ်။ အဲ့ပျူဂိတ်မှာက ဦးမင်းသိန်းက ဦးဆောင်လုပ်နေတာ” လို့သူက ပြောပြပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်စဉ်အတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ည၈နာရီလောက်ထိ ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံထားရတဲ့ ရဲဘော် နှစ်ဦးရဲ့ အလောင်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြန်လည်ယူဆောင်သွားခဲ့တယ်လို့ လောင်းလုံမြို့နယ်ရှိ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်ပွားပြီးတဲ့ ဒီဇင်ဘာလ ၂၁ရက်နေ့ မနက်မှာတော့ လောင်းလုံမြို့အဝင်ရှိ သဗျာရွာ အုန်းသီးဆိုင်းဘုတ်အနားမှာ သွေးတွေစွန်းနေတဲ့ အလောင်းတစ်လောင်းကို ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးနေသူက ပျူစောထီးအဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံက ပြောပြပါတယ်။

“ အဲ့ဒီဂိတ်မှာက ပျူစောထီးအင်အားက အရင်ကဆိုရှိတယ်။ အဲ့နေ့မှာမှ ကျန်တဲ့သူတွေက အခြေအနေမကောင်းလို့ ပြန်သွားပြီး သူ့တယောက်တည်း အရက်မူးပြီး ကျန်ခဲ့တာ။ အင်္ကျီလည်းမရှိဘူး။ ဘောင်းဘီတစ်ထည်တည်းနဲ့ သွေးတွေနဲ့သေနေတာ” လို့သူကအခုလို ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး လောင်းလုံမြို့နယ်ထဲမှာရှိတဲ့ ဒေသတော်လှန်ရေးတပ်တွေကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး။

အခုလက်ရှိမှာတော့ လောင်းလုံမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတင်းကြပ်ကာ ငွေကြေးတောင်းခံနေတာတွေကိုလည်း လုပ်ဆောင်တယ်လို့ လောင်းလုံမြို့နယ်ရှိ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး
ပုံ-CJ
Phar Si Than (People’s Radio Myanmar)