
ဒီဇင်ဘာလ ၂ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊တောင်ကလေးရဲစခန်းမှာ မကြာခဏဒရုန်းနဲ့ဗုံးကြဲခံနေ ရတဲ့အပြင်အနီးအနားကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ၂ရက်နေ့ မနက်၇နာရီဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီတပ်ရဲ့တောင်ကလေး ရဲစခန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလိုစစ်ကောင်စီတပ်စွဲထားတဲ့တောင်ကလေးရဲစခန်းမှာ လည်းမကြာခဏဒရုန်းနဲ့ဗုံးကြဲခံနေရတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေမှာလည်းတောင်ကလေးရွာအရှေ့ပိုင်းမှာတပ်စွဲနေထိုင်နေတာကြောင့် ဒေသခံတွေမှာထိတ်လန့်နေကြရတယ်လို့ တောင်ကလေးကျေးရွာ နေအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အခြေမေကတော့ နေ့ရောညရောလက်နက်ကြီးနဲ့ထုနေတာပဲ ဘယ်နားတွေကျလည်းတော့ မသိဘူး ဒရုန်းတွေလည်းလာပစ်နေသေးတယ်ရွာထဲမှာလည်းစစ်သားတွေရှိတုန်းပဲ သူတို့ရှိ တော့လူတွေကထိတ်လန့်နေကြတာပေါ့ တစ်ခါတစ်လေဆို မုဒုံကောအဘစ်ကပါလှမ်းပစ်နေတာ ပြီးတော့ရွာထဲကတစ်ချို့ အိမ်တွေကိုလည်းဖောက်ထားတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင်ဒီဇင်ဘာလ၂ရက်နေ့ မနက် ၁နာရီဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီတပ်က ကျိုက်မရောမြို့နယ် မိကသစ်ကျေးရွာအုပ်စုကို လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် တောရကျောင်းမှာကျရောက်ပေါက်ကွဲခဲ့ပြီး သက်တော်(၄၂)နှစ်ရှိတဲ့ ဦးဇင်းသောမမှာ ဗုံးစထိမှန်ပျံလွန်တော်မူခဲ့တယ်လို့ မိကသစ်ကျေးရွာသားနဲ့နီးစပ်သူအမျိုးသားတစ်ဦးကပြောပါတယ်။
“တိုက်ပွဲမဖြစ်ပဲကြဲတာကတော့အမှန်ပဲထိခိုက်တာကတော့ ဘုန်းကြီးတစ်ပါးပဲပျံလွန်တော်မူသွားတာ ကျန်တဲ့ရွာထဲကျတာတဲ့ အစတွေကတော့ လူထိတာနည်းနည်းရှိတယ် သေတာတော့မရှိဘူးတဲ့ ရွာထဲကျတော့တစ်ချို့တွေရှောင်နေတာတွေလည်းရှိတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင်ချောင်းနှစ်ခွကျေးရွာအနီးတစ်ဝိုက်မှာလည်း နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေ သလို စစ်ကောင်စီတပ်ဘက်ကလည်း တောင်ကလေးစခန်းရှေ့ရှိလမ်းပိုင်းနဲ့ ရွာချင်းဆက်လမ်းတွေ ပိတ်ထားတာကြောင့် ဒေသခံတွေမှာကျေးရွာအတွင်း ပြန်ဝင်လို့မရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလကနေ အခုဒီဇင်ဘာလ၂ရက်နေ့ထိကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျိုက်မရောမြို့နယ်အတွင်းမှာရှိ တဲ့ကျေးရွာတွေက ကလေးငယ်(၂)ဦးသေဆုံးကာ သံဃာတော်တစ်ပါးပျံလွန်တော်မူခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)