လောင်းလုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အမျိုးသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိ

ဇန်နဝါရီလ ၈ရက်နေ့၊ ၂၀၂၄ခုနစ်

 

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ထဲကို အင်အား ၁၅၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေသားတွေက ဒေသခံတွေကို ဖမ်းဆီးသွားပြီး အဖမ်းခံရတဲ့ သူတွေထဲမှ အမျိုးသားတစ်ဦးကိုတော့ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ လောင်းလုံမြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။

၂၀၂၃ခုနစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့ကတည်းက လေးသွန်းခံရွာကို စစ်ကြောင်းထိုးတဲ့အချိန်မှာ အဲ့ဒီရွာက ဒေသခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၂ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ လောင်းလုံမြို့နယ်ရှိ ဒေသခံက ဆိုပါတယ်။

လောင်းလုံမြို့နယ်ရှိ ရေသိမ်ရွာမှာ အဲ့ဒီအမျိုးသားရဲ့အလောင်းကို ဇန်နဝါရီလ ၇ရက်နေ့၊ ညနေ ၄နာရီလောက်မှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ကဒက်ကြီးရွာရှိ ဒေသခံတစ်ဦးက ပြောပါတယ်။

“  ရွာကလူတွေက ပြန်လွတ်လာတဲ့အချိန် သူမပါလာတော့ လိုက်ရှာနေတာကြာပြီ။ အခုတွေ့တော့လည်း ပုပ်ပွနေပြီ။ ဆုံးသွားတာ ဘယ်နှရက်ရှိပြီလဲဆိုတာ မသိဘူး” လို့သူကအခုလို ပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသားက လေးသွန်းခံရွာမှာ နေထိုင်တဲ့ အသက် ၂၇နှစ်အရွယ်ရှိ ကိုလှမျိုးထွန်း ဖြစ်တယ်လို့ သိရပါတယ်။

ကိုလှမျိုးထွန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာ၊ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ မရှိဘူးလို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံက ဆိုပါတယ်။ အဆိုပါ အမျိုးသားဟာ အရက်အလွန်ကျွံသောက်တဲ့သူဖြစ်ပြီး စိတ်ကျန်းမားရေး မကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက “ သူက လေဖြန်းသွားပြီး ပြန်ကောင်းတာ သိပ်မကြာသေးဘူး။အဖမ်းခံရတဲ့ အ ချိန်မှာတော့ စစ်သားတွေက ပစ္စည်းတွေသယ်ခိုင်းတာတွေရှိတော့ အဲ့ဒီမောတဲ့ဒဏ်ကို မခံနိုင်ဘဲ ဆုံးသွားတာဖြစ်မယ်” လို့ သူကပြောပြပါတယ်။

ကိုလှမျိုးထွန်းရဲ့ အလောင်းကိုတော့ မနေ့က ညနေမှာဘဲ လေးသွန်းခံရွာကို ပြန်လည်သယ်ဆောင်သွားပြီး မီးသင်္ဂြိုလ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက လောင်းလုံမြို့နယ်ထဲကို ဒီဇင်ဘာလ ၂၇ရက်နေ့ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်‌နေပြီး ရွာထဲက နေအိမ်တွေကို မီးရှို့တာနဲ့ ဒေသခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်က တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ရမ်းသမ်းပစ်ခတ်တာတွေနဲ့ ရိုက်နှက်ဖမ်းဆီး နှိပ်စက်တာတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံပြည်သူ ၁၀၀ ကျော်လောက်ရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- CJ

Phar Si Than (People’s Radio Myanmar)