ကော့ကရိတ်မြို့သိမ်းတိုက်ပွဲအတွင်းဒေသခံ နေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီး

ဇန်နဝါရီလ ၈ရက် ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေနဲ့ စစ်တပ်သတင်းပေးတွေ မီးရှို့တာကြောင့် ဒေသခံနေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီးနေပြီးဖြစ်တယ်လို့​ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၂ နာရီကနေ ၄ နာရီလောက်အထိ ကော့ကရိတ်မြို့ထဲမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာမှာလည်း ချောင်းတောင်ရပ်ကွက် အောက်ကျောင်းကြီးအနားရှိ နေအိမ်တွေ ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။

“မနက်ပိုင်းကတော့ တိုက်ပွဲ မဖြစ်ပါဘူး၊ နေ့လည် ၂ နာရီလောက်မှ တိုက်ပွဲကစဖြစ်တာ၊ မြို့ထဲက ဝင်းကြီးကော ချောင်းတောင်ကော၊ အဲ့ဒီဘက်တွေကတိုက်ပွဲ ဖြစ်တာ၊ ချောင်းတောင်ထဲက ကျောင်းနားမှာ အိမ်တွေမီးလောင်တယ်၊ လက်နက်ကြီးကျလို့ဘဲလား ရှို့တာဘဲလားတော့ သေချာမသိဘူး၊ လက်နက်ကြီးပစ်တာတွေတော့ရှိတယ်၊” လို့ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ နေ့လည် ၁၂ နာရီလောက်ကလည်း ကျုံဒိုးမြို့ရှိ စစ်တပ်လက်အောက်ခံ ခလရ ၅၄၅တပ်နဲ့ ၅၄၆ တပ်ကနေ တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ လက်နက်ကြီးပစ်ခတ်တာကြောင့် ကော့ဝါလဲ ကျေးရွာထဲက နေအိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ ကျုံဒိုးမြို့ဒေသခံတွေဆီက သိရပါတယ်။

” မနေ့နေ့လည်က ကျုံဒိုးမှာလည်း တိုက်ပွဲမဖြစ်ဘူး၊ ဒီအတိုင်းလက်နက်ကြီးပစ်တာ၊ အရင်နေ့တွေက အဲ့လိုလက်နက်ကြီးပစ်တာတွေ သိပ်မကြားရဘူး နေ့လည်ဘက်ကို၊ နေ့လည်ဘက်ဘဲပစ်တာ၊ ကော့ဝါလဲရွာထဲက အိမ်တစ်လုံးပေါ်ကျတာ၊ လူတွေတော့မရှိဘူး၊အဲ့ဒီအိမ်မှာက၊” လို့ ကျုံဒိုးမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့ထဲတိုက်ပွဲဖြစ်ပွားတာမှာ တံတားဦး၊ချောင်းတောင်နဲ့ ဝင်းကြီး ဖောင်တော်ဦးဘုရားနားရှိ နေအိမ် ၁၀ လုံးကျော် ​မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဇန်နဝါရီလ ၈ ရက်နေ့အထိ တစ်လကျော်ကြာ တိုက်ပွဲ ဖြစ်ပွားတာမှာ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံနေအိမ် ၁၅၀ နီးပါးကျော် မီးလောင်ပျက်စီးခဲ့သလို ဒေသခံ ၂သောင်းဝန်းကျင်မှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ပြောစကားတွေအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than (People’s Radio Myanmar)