လက်ခတ်တောင်အနီးတိုက်ပွဲဖြစ်ပွားနေတာကြောင့် အနီးအနားကျေးရွာကဒေသခံ ၇၀၀ ဝန်းကျင် တိမ်းရှောင်နေ

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့ လက်ခတ်တောင်အနီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပွင့်​လင်းအေးမြိုင်ကျေးရွာအပါအဝင် မေတ္တာလင်းမြိုင်နဲ့ ကျောက်လုံးကြီးအနီးတဝိုက်ရှိ ဒေသခံ ၇၀၀ ဝန်းကျင်လောက် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

ဇူလိုင်လ ၉ နေ့လောက်ကတည်းက စစ်ကောင်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ လက်ခတ်တောင်အနီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတာကြောင့် ပွင့်လင်းအေးမြိုင်၊ မေတ္တာလင်းမြိုင်နဲ့ ကျောက်လုံးကြီးအနီးတဝိုက်ကဒေသခံ ၇၀၀ ဝန်းကျင်လောက်ဟာ မြဝတီမြို့ပေါ်ရှိ  တောရကျောင်းဘုန်းကြီးကျောင်း၊ ဆွေမျိုးတွေရဲ့နေအိမ်တွေမှာ နေရာပြန့်ကျဲပြီး တိမ်းရှောင်နေရတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“ဘုန်းကြီးကျောင်းမှာ အယောက်ငါးရာနီးပါးရှိတယ်၊ ပြည်သူတွေကဆန်တွေပေါင်မုန့်တွေ​လှူကြ နေတာကတော့ ကျောင်းရဲ့အောက်မှာ၊ အခုလိုရွှေ့ခိုင်းတာက စစ်တပ်ကရွှေ့ခိုင်းတာတဲ့၊ အဲ့မှာစုပြီးတော့ချက်စားကြတယ်လေ မနေ့ကဆန်တွေဘာတွေသွားလှူကြတယ် အများကြီးပဲ ရပ်ကွက်သူရပ်ကွက်သားတွေ ရပ်ကွက်လူကြီးအကုန်လုံးသွားပြီးတော့ ပြည်သူလူထုတွေမှာ တစ်ယောက်နည်းနည်းစီစုပြီးတော့” လို့ သူကပြောပါတယ်။

စစ်ရှောင်နေရတဲ့ ဒေသပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေအပြင် အဝတ်အထည်တွေ လိုအပ်မှုရှိနေတယ်လို့ တစ်နိုင်တစ်ပိုင်ကူညီပေးသူတစ်ဦးကပြောပါတယ်။

မြဝတီမြို့နယ်အတွင်းရှိ ပရိတအသင်းအဖွဲ့တွေမှာလည်း စစ်ရှောင်အကူညီပေးတာတွေကို ရပ်နားထားပြီး စစ်ရှောင်တွေကိုမြဝတီမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစိုးရအဖွဲ့ကသာ ကူညီလုပ်ဆောင်နေတာဖြစ်တယ်လို့ ပရဟိတအဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

ဒါ့အပြင် မြဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့မှာလည်း ဇူလိုင်လ ၂၁ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှလည်း​မေတ္တာလင်းမြိုင်ကျေးရွာဘက်ကို စစ်အင်အားဖြည့်တင်းနေတာကြောင့် ဒေသခံတွေမှာ နေရပ်မနိုင်သေးဘူးလို့သိရပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွားနေတာဟာ မြဝတီမြို့နယ်အတွင်းမှာသာမဟုတ်ပဲ ကရင်ပြည်နယ်အတွင်းက ​ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ သံတောင်မြို့နဲ့ ဖာပွန်မြို့နယ်တွေဘက်မှာပါ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတက်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာလည်းဖြစ်ပါတယ်။

သတင်း – နော်ဖူးဖူး

ဓါတ်ပုံ – CJ

Phar Si Than (People’s Radio Myanmar)