
စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာနဲ့ ဘုရားမဲစစ်တပ်စစ်ဆေးရေးဂိတ်ကြား ထားဝယ်နည်းပညာ တက္ကသိုလ်အနီးမှာ ဝန်ကြီးခရီးစဉ်အတွက် လုံခြုံရေးလာယူပေးတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Dawei Guerrilla Revolutionary Force ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက် (၇) နာရီဝန်းကျင်လောက်မှာ ဝန်ကြီးခရီးစဉ်အတွက် မနက် (၆) နာရီ ကတည်းက ကင်းပုန်းလာယူထားတဲ့ စစ်သားအင်အား ၅၀ ဝန်းကျင်လောက်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စနိုက်ပါနဲ့ ၄ ချက် ပစ်ခတ်ခဲ့တယ်လို့ DGRF ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“vigo ကားနားမှာ ရပ်နေတာက ၁၀ ယောက်လောက်ရှိတယ်။ အဲ့ကောင်တွေကို ကျနော်တို့က စနိုက်ပါနဲ့ ပစ်တာ။ ကျနော်တို့လက်ဦးမှုရသွားတာပါ။ ကျန်တဲ့ဟာတွေက ခြုံတွေထဲ ကင်းပုန်းဝပ်နေကြတယ်” လို့ သူကပြောပါတယ်။
အဆိုပါ စနိုက်ပါနဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
“ကျနော်တို့ ပစ်ခတ်မှုပြီးတော့ အဲ့ဒီ vigo ကားနဲ့ဘဲ ထိတဲ့သူတွေကို ကျနော်တို့အရှေ့မှာတင်သွားတယ်။ ပြီးတော့ သပြေချောင်း အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်မှာ သွာချခဲ့တယ်။ အဲ့အချိန်မှာ အလောင်း ၄ လောင်းနဲ့ ဒဏ်ရာရသူ ၂ ယောက်ပါလာတယ်ဆိုပြီး ကျနော်တို့ကို ပြောပြတယ်” လို့ သူက ဆက်ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီး ပြည်သူ့ကာကွယ်ရေးတပ်တို့ ပြန်လည်ဆုတ်ခွာချိန် နယ်မြေရှင်းလင်းရေးလာတဲ့ စစ်သားတွေနဲ့ ထိပ်တိုက်တိုးခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု မိနစ်သုံးဆယ်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောစီတပ်ဘက်မှ ၁ ဦးသေဆုံးပြီ ၆ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ပွဲအတွင်းပါဝင်တဲ့ မျက်မြင်တွေ့ရှိတဲ့ ရဲဘော်တစ်ဦးက ဆိုပါတယ်။
“စနိုက်ပါအနားကိုလာတဲ့ စစ်သားတွေကို စနိုက်ပါသမားက အရင်မြင်တော့ တချက်ပစ်ထည့်လိုက်တာ ၁ ယောက်ပွဲချင်းပြီးသေသွားတယ်။ ပြီးမှ ထိတွေ့ပစ်ခတ်မှုဖြစ်တာ။ ၁ ယောက်သေတာကိုတော့ မျက်မြင် တွေ့ခဲ့တယ်။ နောက်ပိုင်းကတော့ သေချာအတည်မပြုနိုင်ဘူး။ ထိခိုက်မှုကတော့ ရှိတော့ရှိနိုင်တယ်” လို့ သူကအခုလို ပြောပြပါတယ်။
အလားတူ စက်တင်ဘာလ ၁၅ ရက်နေ့၊ နေ့လည် ၁၂ နာရီလောက်မှာလည်း နည်းပညာတက္ကသိုလ် အတွင်း စစ်တပ်ခန့်ဝန်ကြီးတွေ အစည်းအဝေးပြုလုပ်နေချိန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်သားတွေလုံခြုံရေး ယူထားတဲ့နေရာတွေကို ၈၀ မမ ဗုံးသီး(၃)လုံး ၇၉ မမ ဗုံးသီး(၆)လုံးတို့နဲ့ ထပ်မံသွားရောက် ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
“ကျနော်တို့ နေ့လည် လက်နက်ကြီးပြန်ပစ်တဲ့အချိန် ထိခိုက်မှုမရှိနိုင်ဘူးလို့ ထင်တာဘဲ့။ ကျနော်တို့ ပစ်လိုက်တဲ့အထဲမှာ စကစ ဘက်ကိုတလုံးသွားကျသေးတယ်။ ရွာတွေဘက်ကိုတော့ မကျဘူး။ အဲ့ကြောင့် ရွာထဲက အိမ်တွေနဲ့ လူတွေ ထိခိုက်မှုလည်းမရှိပါဘူး” လို့ သူကဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားအချိန်မှစပြီး နေ့လည်ပိုင်းအထိ စစ်ကောင်စီတပ်ရဲ့ ဇဟာရွာအခြေစိုက် အမတ (၃၀၂) မှ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူပေးနေခဲ့တယ်လို့ သိရပါတယ်။ နေ့လည်ပိုင်းအချိန်မှစပြီး ထာဝယ်မြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ အိမ်ရှေ့ပြင်ဂိတ်၊ ဘုရားမဲဂိတ်၊ ဗျောတောဝဂိတ်၊ ၈မိုင်ဂိတ်၊ ပကာရီဂိတ်တွေကိုပါ ပိတ်ချလိုက်ပြီ ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
“၈ နာရီလောက်ကစပြီး ဇဟာတပ်ကနေ လက်နက်ကြီးတွေနဲ့ ထုတာဆက်တိုက်ဘဲ။ နားတောင် မနားဘူး။ ပစ်ခတ်မှုပြီးတာနဲ့ ဂိတ်တွေအကုန်ပိတ်ချလိုက်တာ။ ဘယ်သူ့ကိုမှ ဖြတ်ခွင့်မပေးတော့ဘူး။ ညနေ ၃ နာရီလောက်မှာတော့ ပုံမှန်ပြန်ဖြစ်သွားပါတယ်” လို့ သူကအခုလိုပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Dawei Guerrilla Revolutionary Force နဲ့ ဥဩစစ်ကြောင်းတပ်ခွဲ (၁) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ ပြောဆိုနေကြပေမယ့် ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ထားဝယ်နည်းပညာတက္ကသိုလ်အနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ်က စက်တင်ဘာလအတွင်း ၃ ကြိမ် တိုက်ခိုက်ခံရကာ ပြီးခဲ့တဲ့လတွေမှာလည်း မကြာခဏ တိုက်ခိုက်ခံခဲ့ရဖူးတယ်လို့ ဒေသတော်လှန်ရေး အဖွဲ့တွေရဲ့ သတင်းအရင်းအမြစ်တွေအရသိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီစစ်ဆေးရေးဂိတ်ဟာ အခိုင်အမာတည်ဆောက်ထားပြီး စစ်သားအင်အား ၁၀ ကျော်လောက်နဲ့ တပ်စွဲထားကာ လမ်းသွားလမ်းလာပြည်သူတွေဆီမှာလည်း ငွေကြေးတောင်းခံနေတာတွေကို အမြဲလုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသအတွင်းသတင်း အရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)