[videopress 6UK8Xchu]
ဖေဖော်ဝါရီလ ၇ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သပြေချောင်းရွာမှာရှိတဲ့ အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်အနီးက စစ်ကောင်စီတပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗထူးစစ်ကြောင်းရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၅ရက်နေ့၊ ညနေ ၄နာရီခွဲလောက်မှာ ခမရ (၄၀၁)နဲ့ ခမရ (၄၀၂)ကြားရှိ မယ်ဝေးတောင်ပေါ်မှာ အင်အား (၁၀)လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကုန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဗထူးစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြတ်က ဆိုပါတယ်။
“ သူတို့ တပ်စွဲထားတာ အာဏာသိမ်းပြီးကတည်းကလို့ ပြောလို့ရတယ်။ အပြန်အလှန်ပစ်ခတ်မှုကတော့ မိနစ်ပိုင်းလောက်ပါဘဲ့” လို့ သူက အခုလိုပြောပါတယ်။
အဲ့ဒီစခန်းကို သွားရောက်တိုက်ခိုက်ချိန် စစ်သားအင်အား အနည်းငယ်သာရှိတာကြောင့် မိနစ်ပိုင်းအတွင်း စခန်းကို ရရှိခဲ့တယ်လို့ သိရပါတယ်။
ဗထူးစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြတ်က “ တပ်ရင်းတွေကြားကဆိုတော့ ခက်ခဲမှုတော့ အများကြီးရှိခဲ့တယ်။ စစ်ကူကတော့ ချက်ချင်းရောက်လာတာ။ စစ်ကူရောက်လာလို့ လွယ်တဲ့နေရာဆိုတော့ လက်နက်ကြီးက နည်းနည်းဘဲ့ပစ်တယ်” လို့သူက ဆက်ပြောပါတယ်။
အဲ့ဒီစခန်းကုန်းအနီးမှာ စစ်ကောင်စီရဲ့ ခမရ (၄၀၁)၊ ခမရ (၄၀၂)၊ ခလရ (၂၆၇)၊ ခလရ (၂၅)၊ အမတ (၃၀၆) တို့ရှိပါတယ်။
အဆိုပါ ပစ်ခတ်မှုတွေဘက်က စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး အချို့ကတော့ စခန်းကို ထွက်ပြေးသွားတာကြောင့် ဒဏ်ရာရရှိသူတွေကိုတော့ အတည်မပြုနိုင်ဘူးလို့ သူကဆိုပါတယ်။
အဲ့ဒီ စခန်းကနေ စစ်ကောင်စီတပ်သားတွေရဲ့ သေနတ် ၃လက်၊ ကျည်ဆံနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိပြီး စခန်းကိုတော့ သာသနာ့နယ်မြေဖြစ်တာကြောင့် မီးရှို့ဖျက်ဆီးတာတွေမလုပ်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဗထူးစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီနောက် ဖေဖော်ဝါရီလ ၅ရက်နေ့၊ ည၉နာရီလောက်မှာတော့ ရဟတ်ယာဉ်တွေရောက်ရှိလာပြီး ပစ်ခတ်သံတွေကြားခဲ့တယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ရဟတ်ယာဉ်နဲ့ လာပြီး ပစ်သွားတာ။ ဗုံးကြဲတာမျိုးတော့မဟုတ်ဘူး။ ရမ်းသမ်းပြီး ပစ်သွားတာ။ ၆နာရီခွဲလောက်မှာလည်း လက်နက်ငယ်တွေနဲ့ ရမ်းပစ်သေးတယ်” လို့ သူကပြောပါတယ်။
လေကြောင်းကနေ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
အခုစခန်းသိမ်းတိုက်ပွဲဟာ တနင်္သာရီတိုင်းရဲ့ ဒုတိယမြောက် စခန်းသိမ်းတိုက်ပွဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ဘန်ချောင်းဒေသရှိ ကျောက်ထုစခန်းကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်အရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- ဗထူးစစ်ကြောင်း
Phar Si Than (People’s Radio Myanmar)