လက်ခတ်တောင်အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စက်တင်ဘာလ ၁ ရက်၊ ၂၀၂၃ ခုနှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့အနီး​၊ လက်ခတ်တောင်အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။

​လက်ခတ်တောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းယူထားတာ ၁ လကျော်ကြာနေပြီဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာ ၁၀ ကြိမ်ထက်မနည်းရှိနေပြီးလို့ Cobra Column က သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့ကလည်း ​လက်ခတ်တောင်အနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်က အထိအခိုက် အကျအဆုံးများခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိတာ ၂ ပတ်ကျော်ရှိပြီးလို့ သိရပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားတာတွေမရှိပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့ ည ၉ နာရီလောက်က စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၂၇၅ တပ်ဘက်က လက်ခတ်တောင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။

“၉ နာရီလောက်ကစပစ်တာ၊ လက်နက်ကြီးကော၊ လက်နက်ငယ်ကော ထုနေတာ၊ ဆက်တိုက်ပစ်တယ်၊ အသံလည်း အကျယ်ကြီးကြားရတယ်” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် လက်ခတ်တောင်အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဒရုန်းနဲ့ ဗုံးကြဲတာတွေကို ညတိုင်းနီးပါး လုပ်ဆောင်နေတယ်လို့ ဗိုလ်ဒါဘောက ပြောပါတယ်။

“ညဘက်ကတော့ပုံမှန်ပါဘဲ၊ ညဘက်ကတော့ သူတို့ လက်နက်ကြီးနဲ့လှမ်းလှမ်းပြီးတော့ ပစ်တာတော့ ရှိတယ်၊ ဒရုန်းတွေနဲ့ လာကြဲတာတွေတော့ရှိတယ်၊ များတော့မများပါဘူး၊ ၁၀ ကြိမ်၊ ၁၅ ကြိမ် ၊ အဲ့လောက်ဘဲပေါ့” လို့ သူကပြောပါတယ်။

လက်ခတ်တောင်တပ်စခန်းကုန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်လေ့ရှိပြီး အခုလိုတိုက်ခိုက်တာ တွေကြောင့် လက်ခတ်တောင်ပေါ်က ဘုရားဆင်းစေတီတွေနဲ့ သာသနိကအဆောက်အအုံအများအပြား ထိခိုက်ပျက်စီးနေတယ်လို့ Cobra Column ကသတင်းထုတ်ပြန်ထားပါတယ်။

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)