By – မောင်လှိုင်း
Date – 20 August 2024
မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြှာကြီးနယ်မြေအခြေစိုက်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ ဩဂုတ်လ ၁၉ ရက် နံနက်ခင်းပိုင်းတွင် အပြီးသိမ်းပိုက်နိုင်ခဲ့သည်ဟု Myingyan Black Tiger – MBT ဦးဆောင်သူ ဗိုလ်မိုက်ခဲ ကပြောသည်။
ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကြီးကျေးရွာနယ်မြေအခြေစိုက်ရဲစခန်းကို ဩဂုတ်လ ၁၉ ရက် နံနက် ၄ နာရီက စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၇ နာရီဝန်းကျင်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု တော်လှန်ရေးတပ်များက ထုတ်ပြန်ထားသည်။
တိုက်ပွဲကြောင့် ရဲအင်အား ၂၂ ဦးရှိ အဆိုပါငါန်းမြှာကြီးရဲစခန်းကရဲတပ်ဖွဲ့ဝင်အချို့ စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး စစ်သုံ့ပန်း ၇ ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟု ဗိုလ်မိုက်ခဲ ကဆိုသည်။
၎င်းက “ကျွန်တော်တို့ရဲ့ မဟာမိတ်တပ်ဖွဲ့က ဖမ်းဆီးထားတဲ့စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားပါတယ်။ လက်ရှိအနေအထားမှာတော့ သူတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီထိန်းသိမ်းထားတယ်လို့ သိရပါတယ်”ဟု ပြောသည်။
ငါန်းမြှာကြီးရဲစခန်းကို NUG လက်အောက်ခံတပ်ရင်းများနှင့် ဒေသခံတော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း ၇ ဦးအပြင် စက်လက် ၁ လက် ၊ G – 3 ၅ လက် ၊ ရိုင်ဖယ် ၁ လက်၊ အူဇီ ၂ လက်၊ ပစ္စတို ၁ လက်နှင့် အခြား လက်နက်ခဲယမ်းများလည်း
သိမ်းဆည်းနိုင်ခဲ့သည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်ကဖမ်းဆီးနိုင်ခဲ့သည့် စစ်သုံ့ပန်း ၇ ဦးမှာ ရဲတပ်ကြပ်ကြီး အောင်ကျော်ဦး၊ ဒုတပ်ကြပ် ကျော်ဇေယျ၊ ရဲတပ်သား ၃ ဦးနှင့် အဆိုပါရဲတပ်သား ၃ ဦးတို့၏ ဇနီး ၃ ဦး ဖြစ်သည်ဟုသိရသည်။
စစ်ကောင်စီထိန်းချုပ်ထားသော မြန်မာ့အလင်းနှင့် ကြေး မုံသတင်းစာများတွင်လည်း မြင်းခြံ၊ နွားထိုးကြီးနှင့် ငါန်းဇွန်မြို့နယ်တို့တွင် နှစ်ဖက်အပြန်အလှန်တိုက်ပွဲများဖြစ် ပွားနေသည်ဟု ဖော်ပြထားသည်။
တော်လှန်ရေးတပ်များသိမ်းပိုက်နိုင်ခဲ့သည့် အဆိုပါ ငါန်းမြှာကြီးရဲစခန်းသည် ဧရာဝတီမြစ်ကမ်းပါးတွင် တည်ရှိပြီး မြောင်မြို့၏ အရှေ့တောင်ဘက်တွင်တည်ရှိကာ မြင်း
ခြံ၊ နွားထိုးကြီး စသည့်မြို့များနှင့် ၂၅ မိုင် ကျော်သာကွာ ဝေးသည်။
ငါးမြှာကြီးရဲစခန်းသည် ငါန်းဇွန်မြို့နယ်တွင် တော်လှန် ရေးတပ်များက ပထမဆုံးသိမ်းပိုက်နိုင်ခဲ့သော စခန်းတစ်
ခုလည်းဖြစ်သည် ။
ပုံစာ – ဩဂုတ်လ ၁၉ ရက်တွင် ငါန်းမြှာကြီးရဲကင်းစခန်းက သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၊ စစ် သုံ့ပန်းများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ။