ရေးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီး အဆောက်အအုံတစ်ချို့ ထိခိုက်ပျက်စီး

ဖေဖော်ဝါရီလ ၁၅ရက်၊၂၀၂၄ ခုနှစ်

 

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံခဲ့ရပြီး အဆောက်အအုံတစ်ချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၈ နာရီလောက်က ရေးမြို့နယ်ခရိုင်ထွေအုပ်ရုံး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အခုလိုတိုက်ခိုက်ခံရတာကြောင့် ရုံးအမိုးတစ်ခုလုံးနီးပါးပွင့်ထွက်သွားပြီး အဆောက်အအုံတစ်ချို့ ပျက်စီးခဲ့ပေမဲ့ လူထိခိုက်တာမျိုးမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

” ဗုံးက ရုံးပေါ်တည့်တည့်ကျတာဖြစ်မယ်၊ အမိုးတစ်ခုလုံးနီးပါးပွင့်ပြီးတော့ အဆောက်အအုံလည်း တော်တော်ထိသွားတယ်၊လူထိတာတော့မကြားဘူး၊ ရုံးအဆောက်အအုံဘဲ တော်တော်ထိသွားတာ၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က ကား၃ စီးလောက်နဲ့ ဗုံးချတိုက်ခိုက်ခံရတဲ့နေရာကို လာရောက်စစ်ဆေးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ကား ၃၊၄ စီးလောက်လာခဲ့တယ်၊ ရုံးတစ်ဝိုက်မှာ ပတ်ပြီးတော့လာကြည့်သွားတယ်၊ ပြီးတော့ပြန်သွားတယ်၊ အရင်ကတော့ ဗုံးကျတဲ့တစ်ဝိုက်ကို ဂိတ်ချပြီးစစ်တာတို့ ဘာတို့လုပ်ကြတယ်၊ ဒီတစ်ခေါက်တော့မလုပ်တော့ဘူး၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ကျွန်တော်တို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ဒေသခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than (People’s Radio Myanmar)