ဂန့်ဂေါနယ်က ဒေသခံ ၁၀ ဦးကို ပျူစောထီး နဲ့ စစ်ကောင်စီတပ်သားတွေသတ်သွားသလို နေအိမ်တွေကိုလဲ မီးရှို့သွား

ဖေဖော်ဝါရီ ၁၅ရက် ၊ ၂၀၂၄ ခုနှစ်

 

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်က  ဒေသခံ ၁၀ ဦးကို မြောက်ခင်ရန်းရွာက ပျူစောထီး နဲ့ စစ်ကောင်စီ တပ်သားတွေကသတ်ဖြတ်သွားသလို နေအိမ်တချို့ကိုလည်း မီးရှို့ဖျက် ဆီးသွား တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ ဆီက သိရပါတယ်။

မြောက်ခင်ရန်းရွာက ပျုစောထီး နဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး အင်အား ၂၀၀ ဝန်းကျင် နဲ့ သင်တောရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေပစ်ဖောက်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၅ နာရီကျော်လောက်မှာဝင်ရောက်လာခဲ့ပါတယ်။

ကျေးရွာထဲကိုဝင်ရောက်သွားပြီးတဲ့နောက် သင်တောဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေ တဲ့ပြည်သူတချို့ နဲ့ ယာတောထဲကို ပဲစိုက်ဖို့သွားတဲပြည် သူတချို့ကို ဖမ်းဆီးခဲ့ပြီး  အဲဒီထဲက အမျိုးသား ၇ ဦးဖြစ်တဲ့ ဦးဘိုသန်း (၅၆)နှစ် ၊ ဦးပြူးသာ (၅၆)နှစ် ၊ ဦးတင့်လွင် (၃၆)နှစ် ၊ ဦးမောင်ပု (၃၃)နှစ် ၊ ဦးမောင်နိုင် (၃၆)နှစ် ၊ ဦးကျော်မိုးလွင် (၂၆) နှစ် ၊ ဦးဌေးအောင် (၅၂) နှစ်တို့ကို သင်တောရွာတောင်ဘက် ဘုရားကုန်းမှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါတယ်။

“အသတ်ခံရတဲ့သူတွေအားလုံးက ရွာသားတွေကြီးပဲ ကာကွယ်ရေးအဖွဲ့တွေမဟုတ်ဘူး ၊ စစ်ခွေးတွေ ရဲ့ ချန်နယ်တွေထဲမှာတော့ သူတို့သတ်လိုက်တဲ့လူတွေဟာ PDF တွေဆိုပြီး ရေထား တယ် အမျိုးသားတွေကိုတော့သူတို့သတ်သွားတယ်။ အမျိုးသမီးတွေကိုတော့ ဖမ်းခေါ်သွားတယ်”လို့  ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သင်တောရွာက ဒေသခံပြည်သူတွေကိုသတ်ဖြတ်သွားသလို အဲဒီရွာက နေအိမ်အလုံး ၂၀ ကိုလဲမီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။အိမ်ခြေ ၂၂၀ ဝန်းကျင်ရှိတဲ့ သင်တောရွာဟာ အခုလိုမီးရှို့ခံရတာ ဒုတိယအကြိမ်ရှိပြီးဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ သင်တောရွာကနေတဆင့် ရွှေဘိုရွာဘက် ကိုပြန် လည်ထွက်ခွာလာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ အပြန်အလှန် ထိတွေ့ ပစ်ခတ်မှု ထပ်မံဖြစ် ပွားခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီ နဲ့ ပျူစောထီးတပ်သားတွေက လက်နက်ကြီး ၊ စက်သေနတ်တွေ နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ရွှေဘိုရွာက အမျိုးသား၁ဦးကျည်ထိမှန်သေဆုံးသွားသလို ကံတိုးရွာက ဒေသခံအမျိုးသား ၁ ဦးလည်းလက်နက်ကျည်ထိမှန်ပြီးသေဆုံးသွားခဲ့ပါသေးတယ်။

ယင်းစစ်ကြောင်းဟာ ရွှေဘိုရွာကနေမထွက်ခွာခင် အဲဒီရွာက နေအိမ် ၆ လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီး ညနေ ၅ နာရီကျော်လောက်မှာတော့ မြောက်ခင်ရန်းရွာထဲကို ပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။

မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ မကြာခဏဆိုသလို လက်နက်ကြီးတွေ နဲ့ အနီးနားကျေးရွာတွေဘက်ကိုပစ်ခတ်နေတဲ့အတွက် သင်တောရွာ ၊ ရွှေဘိုရွာအပါအဝင် အခြားကျေးရွာက ဒေသခံတွေဟာ ကျေးရွာမှာ မနေရဲတော့ပဲ ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

 

သတင်း − နောနော

ဓာတ်ပုံ – CJ

People’s Radio Myanmar