
မတ်လ ၂၆ရက်နေ့၊ ၂၀၂၄ခုနှစ်
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လမ်းဖိုးကမ်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဘုတ်ပြင်းမြို့နယ်က ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။
မတ်လ ၂၃ရက်နေ့မှာ လမ်းဖိုးကမ်းရွာရှိ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေနေထိုင်တဲ့ အိမ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အချိန် စစ်ကောင်စီတပ်ရဲ့ တပ်ရင်းတွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“ စခန်းသိမ်းတိုက်ပွဲမှာတော့ အရပ်သားထိခိုက်မှုတော့မရှိဘူး။ အဲ့ဒီနေ့မှာဘဲ ကျနော်တို့ဘက်က တခြားရွာတခုမှာ တိုက်ပွဲဖော်ဆောင်တယ်” လို့သူက အခုလိုပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဒေသခံတွေ ရှောင်တိမ်းနေထိုင်တဲ့ ခြံတစ်ခုထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လမ်းဖိုးကမ်းရွာက အသက်၂နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဘုတ်ပြင်းဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကလေးငယ်မှာတော့ ဆီးခုံမှာ လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး မိခင်ဖြစ်သူမှာလည်း ကျည်စတွေ ထိမှန်ဒဏ်ရာရရှိခဲ့တာကြောင့် အခုလက်ရှိမှာတော့ ဘုတ်ပြင်းမြို့နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဘုတ်ပြင်းမြို့နယ်(ပကဖ)ရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“ တိုက်ပွဲဖြစ်နေတော့ ပြေးရင်းလွှားရင်းထိကြတာပါ။ အခြေအနေအတိအကျကိုတော့ ကျနော်တို့အနေနဲ့စုံစမ်းဖို့ ခက်ခဲနေတယ်။ ဒေသခံတွေပြောတာကတော့ စိုးရိမ်ရတယ်လို့ပြောတယ်” လို့သူက ပြောပြပါတယ်။
အလားတူ ဘန်ဂလောရွာ လမ်းတစ်နေရာမှာလည်း မြိတ်-ဘုတ်ပြင်း ခရီးသည်တင်ကားအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ယာဉ်မောင်းတစ်ဦးရဲ့ လက်နဲ့ခါးမှာ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဘုတ်ပြင်းမြို့နယ်မှာ စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေက ဒေသခံတွေ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံ ၂၀ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
သတင်း-နော်အယ်နီး
ပုံ-ဘုတ်ပြင်းမြို့နယ်
Phar Si Than (People’s Radio Myanmar)