
မတ်လ ၁၄ ရက် ၂၀၂၄
မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ ချောင်းတောင်တံဝာားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ဦးသေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
မတ်လ ၁၄ရက်နေ့ မနက် ၈နာရီ ၄၀မိနစ်ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်သားတွေဂိတ် အထိုင်ချထားတဲ့ချောင်းတောင်တံတားရှိဂိတ်ကိုရေးဘီလူးအဖွဲ့ကသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုပစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်မှ ၂ဦးသေဆုံးကာထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
“မနက်ကချောင်းတောင်တံတားမှာဝင်ပစ်တာပါ ရန်သူကတော့ ၂ဦးကျတယ် ဒဏ်ရာရတာတွေလည်းရှိတယ် ကိုယ့်ဘက်ကလည်း တစ်ဦးဒဏ်ရာရတယ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလည်းဖြစ်တယ်သိမ်းဆည်းရရှိတာမျိုးတော့မရှိဘူး”လို့သူကပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ချောင်းတောင်တံတားဂိတ်မှာစစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၂၀ဝန်းကျင်ရှိပြီး ဖြတ်သန်းသွားလာတဲ့သူတွေကို ငွေကြေးတောင်ခံတာတွေလည်းရှိသလို မထင်ရင်မထင်သလို စစ်ဆေးမေးမြန်းတာတွေပြုလုပ်နေကာ ဒီနေ့မတ်လ ၁၄ ရက်နေ့မနက်၈ နာရီ ဝန်းကျင်အချိန်မှာတော့ချောင်းတောင်တံတားဘက်မှ ပစ်ခတ်သံတစ်ချို့ ကြားခဲ့ရတယ်လို့ဒေသခံတစ်ဦးကဆိုပါတယ်။
“ဒီမနက်တော့ပစ်ခတ်သံတွေကြားနေသေးတယ် ၈နာရီ ၄၀လောက်က အဲ့ဒီမှာက စစ်သားနဲ့ရဲဂိတ်နှစ်ဂိတ်ရှိတယ် ပိုက်ဆံလိုရင်ရစ်တယ် ပိုက်ဆံတောင်းတာကတော့အမြဲလိုလိုရှိပါတယ် အခုကစာမေးပွဲတွေရှိတော့လမ်းတွေလည်း ပိတ်ထားတဲ့နေရာပိတ်ထားတယ်”လို့ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၉ရက်နေ့တုန်းကလည်း ရေးမြို့နယ်အတွင်းရှိ ခံသင်းတံတားစစ်ဆေးရေးဂိတ်ကိုလည်း ရေးဘီလူးအဖွဲ့သွားရောက်တိုက်ခိုက်ခဲ့ရာဂိတ်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ တစ်လအတွင်းမှာပဲ ရေးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရေးမြို့နယ်အခြေစိုက်စကခ (၁၉) ဌာနချုပ်၊ခလရ−၁၀၆တပ်ရင်အပါအဝင် စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ဂိတ်တွေဟာ မကြာခဏလက်နက်ကြီးနဲ့ပစ်ခတ်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးထပ်မနည်းသေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-ရေးဘီလူးအဖွဲ့
Phar Si Than (People’s Radio Myanmar)