
မတ်လ ၂၆ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာအနီးမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးအလောင်း တစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ သရက်ချောင်းမြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။
မတ်လ ၂၄ရက်၊ နေ့လည် ၂နာရီလောက်မှာ ညောင်ဇင်ရွာ၊ မီးရထားဘူတာအနီးရှိ လယ်ကွင်းတစ်ခုထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ညောင်ဇင်ရွာဒေသခံတစ်ဦးက ဆိုပါတယ်။
အဲ့ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ၊ ဦးခေါင်းကွဲဒဏ်ရာနဲ့ လည်ပင်းမှာ ဓားဒဏ်ရာတွေ နဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့တယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။
“ အလောင်းကပုပ်ပွနေပြီ။ ကျနော့်အထင်တော့ သေသွားတာ ၃ရက်လောက်ရှိနေပြီ။ ဘယ်ရွာကလဲဆိုတာကို အခုထိမသိရသေးဘူး” လို့သူက ပြောပြပါတယ်။
သေဆုံးနေတဲ့သူဟာ အသက်လတ်ပိုင်းအရွယ်ရှိ အမျိုးသမီးဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာနဲ့ သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
အဆိုပါအမျိုးသမီး သေဆုံးနေတဲ့နေရာဟာ ရွှေဂူတံတားရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်နဲ့ နှစ်မိုင်အကွာမှာ တည်ရှိပြီး လူအသွားအလာနည်းတဲ့ နေရာဖြစ်ပါတယ်။
အခုမတ်လ ၂၁ရက်နေ့တုန်းကလည်း ထားဝယ်ကမ်းနားလမ်းရှိ အလုပ်သမားရုံးအရှေ့က ထားဝယ်မြစ်ထဲမှာ အမည်မသိ အမျိုးသားလောင်းတစ်လောင်း တွေ့ရှိခဲ့သေးတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း-နော်အယ်နီး
ပုံ-သေဆုံးနေတဲ့အမျိုးသမီး
Phar Si Than (People’s Radio Myanmar)