ကော့ကရိတ်မြို့မှာ စစ်တပ်က မီးလောင်ဗုံးကြဲတာတွေကြောင့် နေအိမ် ၁၀ လုံးနီးပါး ထပ်မံမီးလောင်ပျက်စီး

မတ်လ ၁၄ရက် ၂၀၂၄ခုနှစ်

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချတိုက်ခိုက်တာကြောင့် ဒေသခံနေအိမ် ၁၀ လုံးနီးပါးထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၁၂ ရက်နေ့ ညနေ ၂ နာရီခွဲလောက်မှာ စစ်တပ်က အမှတ် ၄ ရပ်ကွက် ရှုခင်းသာလမ်းဘက်ကို မီးလောင်ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နေအိမ် ၁၀ လုံးနီးပါး ထပ်မံမီးလောင်ပျက်စီးခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ဒရုန်းနဲ့ဗုံးကြဲလို့ မီးလောင်တာပါ၊ ညနေ ၂ နာရီခွဲလောက် ရှုခင်းသာလမ်းပေါ့၊ ဝါးလုံးချောင်လို့လည်းခေါ်တယ်၊အဲ့ဒီနေရာမှာ မီးလောင်တာ၊ အိမ် ၁၀ လုံးလောက်ပါသွားတယ်၊ မီးငြိမ်းနေတုန်း ၉၇ ကနေလည်း လက်နက်ကြီးနဲ့ ပစ်နေတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့ထဲမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ဒေသခံနေအိမ်တွေမီးလောင်တာနဲ့ စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်နေပေမဲ့ မတ်လ ၉ရက်နေ့ ညနေ ၃ နာရီလောက်က ဒေသခံတွေ မြို့ထဲပြန်လည်နေထိုင်ဖို့ လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ ကားနဲ့ လိုက်အော်တာပေါ့နော် မြို့ထဲမှာ စစ်တပ်က၊ လာဝင်နေလို့ရနေပြီးဆိုပြီး လိုက်အော်ကြတယ်၊ အရင်ထဲကနေတဲ့လူတွေက ရှိတယ်၊ အခုကတော့ မီးလောင်တာတွေကော လက်နက်ကြီးနဲ့ တစ်ချိန်လုံး ပစ်နေတာတွေကောဆိုတော့ ပြန်လာနေရဲတဲ့လူတွေမရှိသေးဘူး၊” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကော့ကရိတ်မြိုမှာ ထိတွေ့တိုက်ပွဲကြီးကြီးမားမားဖြစ်ပွားတာမျိုးမရှိတော့ပေမဲ့ စစ်တပ်ရဲ့ ခမရ ၉၇ ကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေသလို စကခ ၁၂ ကနေလည်း ဒရုန်းနဲ့ မီးလောင်ဗုံးကြဲတာတွေကို နေ့တိုင်းပြုလုပ်နေတယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

 

သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social Media
Phar Si Than (People’s Radio Myanmar)