ကော့ကရိတ်မြို့မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲတာတွေကြောင့် နေအိမ် ၁၀၀ ကျော် ထပ်မံမီးလောင်ပျက်စီး

မတ်လ ၄ရက် ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်တာတွေ၊ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချတိုက်ခိုက်တာတွေကြောင့် မတ်လ ၁ ရက်နေ့နဲ့ ၃ ရက်နေ့အတွင်း ဒေသခံနေအိမ် ၁၀၀ ကျော်ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၁ရက်နေ့ နေ့လည် ၁၂ နာရီလောက်က အမှတ် ၇ ရပ်ကွက် သဇင်လမ်း၊ သမလမ်းကြားဘက်နဲ့ ဗလီအနောက်ဘက်ကို စစ်တပ်လက်အောက်ခံ စကခ ၁၂ ဘက်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲချ တိုက်ခိုက်ခဲ့ပြီး မီးလောင်ဗုံးချခံရတဲ့နေရာဟာ အိမ်ခြေစိပ်တာကြောင့် နေအိမ် ၁၀၀ ဝန်းကျင် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ မတ်လ ၁ ရက်နေ့ကလောင်တာပါ၊ အမှတ် ၇ သဇင်လမ်း၊ သမလမ်းကြားလို့လည်းခေါ်တဲ့နေရာနဲ့ ဗလီနောက်ကြောဘက်ပေါ့၊ အိမ်ခြေတော်တော်များတယ်၊ ဗလီအနောက်ခြမ်းက လူသွားလမ်းသာရှိပြီး အိမ်ခြေအတော်စိပ်ပါတယ်၊ ခန့်မှန်းခြေ ၁၀၀ ဝန်းကျင်လောက်သိရပါတယ်၊ ကွင်းပြင်ကြီးလို ဖြစ်သွားပြီး၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီလောက်ကလည်း ကော့ကရိတ်မြို့ထဲမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်လက်အောက်ခံ ခလရ ၉၇ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမှတ် ၄ ရပ်ကွက် အထက်ရွာကျော်ဖေသစ်စက်နဲ့ ဝါးတောဘက်တွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁၀ လုံးနီးပါး မီးထပ်မံလောင်ကျွမ်းခဲ့သလို အမှတ် ၇ ရပ်ကွက်ထဲမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ မနေ့က အထက်ရွာကျော်ဖေသစ်စက်နဲ့ ဝါးတောဘက်လည်းလောင်ပါတယ်၊ ခန့်မှန်းခြေ ၁၀ လောက်တော့ပါသွားတယ် အိမ်တွေက၊ ကကရ အမှတ် ၇ ရပ်ဖက်မှာလည်း ပစ္စည်းသယ်သူ တချို့ပြောတာကတော့ သူတို့ရောက်တဲ့အချိန်မှာတောင် လက်နက်ကြီးကျတယ်လို့ပြောကြတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့ထဲမှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားတာ ၃ လကျော်ကြာမြင့်နေပြီး စစ်တပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းနဲ့ ဗုံးကြဲတာတွေကြောင့် ဒေသခံနေအိမ် ၄၀၀နီးပါးမီးလောင်ပျက်စီးနေသလို မြို့ထဲမှာရှိတဲ့ စစ်ဘေးရှောင်နေအိမ်တွေကနေ ပစ္စည်းလိုက်လံခိုးယူနေသူတွေရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ်မီးလောင်တာလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

သတင်း- ကိုဖြိုး

ဓာတ်ပုံ- Social Media

Phar Si Than(People’s Radio Myanmar)