သင်္ဃန်းညီနောက်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဝှေ့ရှမ်းကျေးရွာက ဒေသခံ ၃ ဦးသေဆုံး

မတ်လ ၁၅ရက် ၂၀၂၄ခုနှစ်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝှေ့ရှမ်းကျေးရွာက ဒေသခံ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၁၅ရက်နေ့ မနက် ၂နာရီလောက်ကစပြီး သင်္ဃန်းညီနောင်ကျေးရွာနားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေကာ မနက် ၆ နာရီမှာ ခလရ ၂၇၅ ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ ဝှေ့ရှမ်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ မနက် ၂ နာရီလောက်ထဲက လက်နက်ကြီးတွေကော လက်နက်ငယ်တွေကောနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ၊ မနက် ၆ နာရီမှာ ၂၇၅ ကနေ လက်နက်ကြီးပစ်လို့ ဝှေ့ရှမ်းရွာမှာ လက်နက်ကြီးကျပြီး ၃ ယောက်သေတယ်၊ဘယ်သူတွေလဲဆိုတာတော့ အခုချိန်ထိဝင်လို့မရသေးတော့ မသိရသေးဘူး၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေမှာ ဝှေ့ရှမ်းကျေးရွာက ဒေသခံ ၂ ဦးနဲ့ သင်္ဃန်းညီနောင်ကျေးရွာက ဒေသခံ ၁ဦးဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သေဆုံးသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို People’s Radio Myanmar အနေနဲ့ သီးခြားအတူပြုနိုင်တာမျိုး မရှိသေးပါဘူး။မရှိသေးပါဘူး။

ဒါ့အပြင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဝှေ့ရှမ်းကျေးရွာထဲက အမှတ် ၇ ရက်ကွက်ဘက်ရှိ ဒေသခံနေအိမ်တွေ မီးလောင်ပျက်စီးနေပြီး မီးငြိမ်းသက်မဲ့သူမရှိတာကြောင့် နေ့လည် ၁၂ နာရီကျော်တဲ့အထိ မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ မနက်စောစော ၆ နာရီလောက်ထဲကနေ အခုချိန်ထိ မီးလောင်နေဆဲပါ၊ မငြိမ်းသေးဘူး၊ ရွာထဲက လူတွေကလည်း လွတ်တဲ့ဆီကို ပြေးကုန်ပြီး၊ ငြိမ်းမဲ့သူမရှိတော့ဘူး၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သင်္ဃန်းညီနောင်ကျေးရွာနားရှိ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇နဲ့ သင်္ဃန်းညီနောင်ဗျူဟာကုန်းနေရာတွေမှာ မတ်လ ၇ ရက်နေ့ကစပြီး စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပြီး စစ်တပ်လက်အောက်ခံ ခလရ ၂၇၅ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။

အခုလို စစ်တပ်က လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် သင်္ဃန်းညီနောင်၊ရွာသစ်နဲ့ ဝှေ့ရှမ်းကျေးရွာက ဒေသခံ ၁၀ ဦးနီးပါးသေဆုံးခဲ့သလို ဒေသခံ ၃၀၀၀ ကျော်ဟာလည်း မဲကနယ်၊ဖားချောင်းနဲ့ မြဝတီမြို့ထဲရှိ စစ်ရှောင်ကျောင်းတွေနဲ့ အားကစားရုံမှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီနေသူတွေရဲ့ ပြောစကားအရ သိရပါတယ်။

သတင်း-ကိုဖြိုး
ဓာတ်ပုံ-Cj
Phar Si Than(People’s Radio Myanmar)