မြိတ်မှာ နာရေးကူညီမှုအသင်းရုံးနဲ့ နေအိမ် ၇ဆောင်မီးလောင်မှုဖြစ်ပွား

ဖေဖော်ဝါရီလ ၁၂ရက်နေ့၊ ၂၀၂၄ခုနှစ်

 

မြိတ်မြို့မှာ ဂရုဏာနာရေးကူညီမှုအသင်းရုံး မီးလောင်ခဲ့ပြီး ရုံးအနီးရှိ နေအိမ် ၇ဆောင်လည်း မီးလောင်တဲ့အထဲ ပါသွားခဲ့တယ်လို့ မြိတ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ရက်နေ့၊ မနက် ၂နာရီလောက်မှာ ဇေယျသီရိ ၄ရပ်ကွက်၊ အောင်သပြေလမ်းမှာရှိ ဂရုဏာ နာရေးကူညီမှုအသင်းရဲ့ ရုံးကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး ရုံးအနောက်ရှိ နေအိမ် ၄ဆောင်နဲ့ ရုံးနဘေးရှိ နေအိမ် ၃ဆောင်ကိုပါ မီးကူးခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ ကျနော်သိသလောက်ကတော့ ကားကနေ စလောင်တယ်လို့ သိရတယ်။ အပူလွန်ကဲရာကနေ ကားအရင်မီးလောင်ပြီး ကားထဲက အောက်ဆီဂျင်အိုးပေါက်ကွဲထွက်တယ်လို့ လည်း သိရတယ်” လို့သူက အခုလိုပြောပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နာရေးကူညီမှုရုံးအပါအဝင် နေအိမ် ၈ဆောင်နဲ့ နာရေးကူညီမှုအသင်းရဲ့ လူနာတင်ကား ၂စီးနဲ့ အိမ်စီးကား ၂စီး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မီးစတင်လောင်ကျွမ်းချိန် ဒေသခံတွေအနေနဲ့ အချိန်မှီတိမ်းရှောင်နိုင်တာကြောင့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ပရဟိတ အဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

မြိတ်မြို့ဒေသခံတစ်ဦးက “ သွေးရူးသွေးတမ်းထပြေးရတော့ ဘာမှယူလို့ခံမှာမဟုတ်လောက်ဘူး။ အိမ်တွေက တိုင်နဲ့ အောက်ကြမ်းခင်းလေးတွေဘဲ့ကျန်တော့တယ်။ ကားပိုင်ရှင်တစ်ယောက်ဆို ပိုက်ဆံတွေပါသွားတယ်”လို့ သူက ပြောပြပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်ပွားတဲ့နေရာကို မြိတ်မြို့က မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့တွေနဲ့ ကြက်ခြေနီအဖွဲ့တွေ လာရောက်မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်တဲ့အထဲပါသွားတဲ့ နေအိမ်တွေက ပြည်သူတွေကိုတော့ ဓမ္မာရုံတစ်ခုမှာ ယာယီပြောင်းရွှေ့ထားပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ မြိတ်မြို့ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ခုနှစ်၊ နှစ်လအတွင်း မြိတ်မြို့မှာ မီးလောင်မှုဖြစ်ပွားနေတာ ၅ကြိမ်ရှိနေပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး
ပုံ- မီးလောင်မှုဖြစ်ပွားတဲ့နေရာ
Phar Si Than (People’s Radio Myanmar)