
ဖေဖော်ဝါရီလ ၁၇ရက် ၂၀၂၄ ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ကျေးရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ၁၆ရက်နေ့ နေ့လည် ၁၂ နာရီကျော်လောက်က စစ်တပ်လက်အောက်ခံ စကခ ၁၉ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျုံလောင်းရွာဟောင်း စာသင်ကျောင်းအနီးတစ်ဝိုက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျောင်းပိတ်ထားတာကြောင့် လူထိခိုက်တာမျိုးတော့မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ စစ်တပ်က ပစ်တယ်၊ ကျုံလောင်းရွာဟောင်းထဲကျတာ၊ တစ်လုံးဘဲ၊ ကျောင်းနားကို ကျတာ၊ ကျောင်းကပိတ်ထားတော့ ကျောင်းမှာက လူမရှိဘူး၊ အဲ့ဒါကြောင့် လူထိခိုက်တာမျိုးတော့မရှိဘူး၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့တစ်ရက်ထဲမှာဘဲ ကျုံလောင်းရွာဟောင်းဘက်ကို လက်နက်ကြီးနဲ့ ၃ကြိမ်ပစ်ခတ်ခဲ့ပြီး အခုလို ပစ်ခတ်ချိန်အတွင်း ကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ကျေးရွာဒေသခံတစ်ဦးက “ ဟုတ်ပါတယ်ဗျ၊ တစ်ရက်ထဲကို ၃ ကြိမ်ပစ်ခဲ့တာ၊ နေ့လည် ၁၂ နာရီကျော်လောက်မှာတစ်ခါပစ်တယ်၊ ၅နာရီဝန်းကျင်လောက်မှာ တစ်ခါပစ်တယ်၊ ညမိုးချုပ် ၈နာရီ ဝန်းကျင်လောက်မှာ တစ်ခါပစ်တယ်၊ နေ့လည်ပိုင်းပစ်တဲ့ဟာက ရွာထဲကို ကျတာ၊ ကျန်တဲ့အချိန်ကတော့ ရွာနားတစ်ဝိုက်မှာကျတာ၊ အခုတလောကတော့ ရွာနားမှာ တိုက်ပွဲ ဖြစ်တာတွေ မရှိဘူး၊” လို့ ပြောပါတယ်။
လက်ရှိအချိန် ရေးမြို့နယ်တစ်ဝိုက်မှာရှိတဲ့ စစ်တပ်စခန်းတွေ၊ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ သွားရောက်တိုက်ခိုက်နေတာကြောင့် စစ်တပ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို ပြုလုပ်နေတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ရေးမြို့အခြေစိုက် စကခ ၁၉ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျုံလောင်းရွာဟောင်းက ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-ပုံဟောင်း
Phar Si Than (People’s Radio Myanmar)