
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်-တောင်ငူလမ်းရှိ ကယားပြုံးချောင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က စစ်တောင်းမြစ်အရှေ့ဘက်ကမ်း သံတောင်လမ်း ၅ မိုင်ရှိ ရေဆင်းကုန်းရွာ၊ ကယားပြုံးချောင်းရွာနဲ့ ရှမ်းပြုံးချောင်းရွာဘက်ကို တောင်ငူမြို့ပေါ်မှ စစ်ကား ၅ စီး ဆင်းလာပြီး တပ်စွဲနေထိုင်နေကြတာပါ။
စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတော့ ကယားပြုံးရွာမှ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကယားပြုံးရွာရှိ ဆန်စက်တစ်လုံးနဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သံတောင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဲ့ဒီနေ့က တိုက်ပွဲမရှိဘူး၊ သူတို့က ဒီအတိုင်း ၁၃ ရက်နေ့က ရွာထဲမှာလာပြီး စစ်ကားတွေနဲ့ ပစ္စည်းတွေနဲ့လာကြတာ၊ ၁၄ ရက်နေ့မနက်ပိုင်းကျတော့ ဆန်စက်တစ်လုံးကို မီးအရင်ရှို့တယ်၊ နောက်တော့ ရွာထဲက အိမ်တွေကို မီးရှို့တယ်” လို့ သူကပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်စွဲနေထိုင်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေကြောင့် ကျေးရွာထဲက ကလေးငယ်၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ကြောက်လန့်ပြီး နီးစပ်ရာ ကျေးရွာတွေဘက်မှာ ထွက်ပြေးနေထိုင်နေကြတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ တောင်ငူဘက်ကလာတဲ့ စစ်ကောင်စီတပ်တွေက ရှမ်းပြုံးရွာထဲမှာ တပ်စွဲ နေထိုင်နေကြတာကြောင့် ဒေသခံ ၁၀၀ နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာထဲမှာလည်း အမျိုးသားအနည်းငယ်သာရှိတော့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ရှမ်းပြုံးချောင်းရွာမှာက စစ်အင်အားပိုများတယ်၊ ရွာက လူတွေကတော့ စစ်တပ်ဆိုတာနဲ့ကြောက်ပြီး ပြေးကြတယ်၊ ရွာထဲမှာတော့ လူနည်းနည်းဘဲရှိတော့တယ်၊ စစ်တပ်က ရွာထဲမှာနေပြီး ချက်ပြုတ် စားသောက်နေကြတယ်”လို့ ရှမ်းပြုံးချောင်းရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
သံတောင်-တောင်ငူလမ်းတစ်လျှောက်ရှိ ကျေးရွာဘက်တွေကို စစ်ကောင်စီတပ်လက်အောက်ခံ ဘုရင့်နောင်တပ်၊ ၇ မိုင်တပ်နဲ့ လိပ်သိုလ်တပ်စခန်းက လက်နက်ကြီးတွေနဲ့ ပစခတ်မှုတွေ၊ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၅၀၀ လောက် စစ်ဘေးတိမ်းရှောင်နေရပြီး၊ သြဂုတ်လတစ်လအတွင်း ဒေသခံနေအိမ် ၅ လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ThandaungMupoe ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ThandaungMupoe
Phar Si Than (People’s Radio Myanmar)