မြန်မာနိုင်ငံအတွင်းစစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက် ဘုရားသုံးဆူနယ်စပ်မြို့မှာ လူဦးရေပိုမိုများလာ

ဖေဖော်ဝါရီလ ၂၉ရက်၊ ၂၀၂၄ခုနှစ်

 

ထိုင်း−မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်မဲ့သူတွေနဲ့ ဘုရားသုံးဆူမြို့တွင်းမှာပဲ အလုပ်လုပ်ကိုင်မဲ့သူတွေ အရင်ကထပ်ပိုမိုများပြားလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁၀ရက်နေ့ကမြန်မာနိုင်ငံအတွင်း စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ကြေညာပြီးနောက် ထိုင်းနိုင်ငံဘက်ကိုကူးဖို့ ဘုရားသုံးဆူမြို့မှာစောင့်ဆိုင်းနေသူတွေနဲ့ ဘုရားသုံးဆူမြို့မှာလာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်တဲ့သူတွေလည်းပိုမိုများပြားလာကာ  ထိုင်းနိုင်ငံဘက်မှာလည်း အရင်ထပ်လုံခြုံရေးပိုမိုတင်းကြပ်လာတယ်လို့ မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

“သုံးဆူမှာတော့လူတွေကတအားများလာတယ်ထိုင်းတက်ဖို့စောင့်နေတာရှိတယ်သုံးဆူမှာအလုပ်လာတက်လုပ်တဲ့သူတွေလည်းရှိတယ်၊ဟို့တလောတုန်းကတောင်မှကယ်ရီအချင်းချင်းတောင်မှပစ်ခတ်မှုဖြစ်ကြတယ်တဲ့အဲ့လိုဖြစ်ကြတော့ခရီးသွားလမ်းတွေကြပ်ကြတာပေါ့ဒီဘက်မှာရှမ်းပလိပ်တွေလည်းအစစ်ဆေးတအားများနေတယ်အရင်ကကိုဗစ်တုန်းကဆိုတန်းလျားတွေကအားတယ်လေအခုဆိုတန်းလျားတွေကအကုန်ပြည့်ထိုင်းတက်ဖို့လားသုံးဆူမှာလာနေလားဆိုတာတော့မသံကွဲဘူးလူစိမ်းတွေများလာတယ်”သူကပြောပါတယ်။

ဒါ့အပြင်ထိုင်းနိုင်ငံဘက်ကိုတရားမဝင်လမ်းတွေကသွားလာတဲ့သူတွေကိုပို့ဆောင်သူတွေဘက်မှအာမှခံချက်မရှိတာနဲ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ဖူးတာတွေကြောင့်ဘုရားသုံးဆူမြို့အဝင်မှာလည်းထိုင်းနိုင်ငံအတွင်းဝင်ရောက်မဲ့သူတွေနဲ့ပို့ဆောင်ပေးမဲ့သူတွေကို မြို့အဝင်ရှိအဖွဲ့စုံဂိတ် မှာသေချာစစ်ဆေးနေသလို မြို့တွင်းမှာလည်းအရင်ကထပ် လူဦးရေးပိုမိုများပြားလာတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။

“အစစ်ဆေးတွေကတော့ရှိတာပေါ့ နယ်ဝေးတွေကပဲဖြစ်ဖြစ်၊ဘယ်မြို့နယ်ကဘယ်လိုပဲလာ လာ မြို့အဝင်အထွက်မှာတော့အဖွဲ့စုံဂိတ်ကတော့ရှိတယ် ဘုရားသုံးဆူနယ်ခံလား ထိုင်းထဲကိုသွားမဲ့သူတွေလားထိုင်းထဲသွားရင်ကယ်ရီသမားတွေနဲ့သွားရတာကို တစ်ချို့ ကယ်ရီတွေကအာမှခံချက်မရှိဘူး သွားရင်းနဲ့လမ်းတစ်ဝက်မှာပစ်တာ၊အုပ်စုလိုက်သုံးဆူဘက် ကိုပြန်ပို့ခံရတာတစ်ချို့တောထဲမှာပစ်သတ်တာတို့အဖွဲ့ကအဲ့တာတွေကို သေချာစစ်ဆေး တာပဲကယ်ရီသမားကိုဆိုလည်းတစ်ခုခုဖြစ်ရင်တာဝန်ယူမှုတာဝန်ခံမှုရှိအောင်လို့စီစစ်ပေးတာပဲမြို့ကတော့လူဦးရေများလာတာတော့သိသာလာတယ်”လို့သူကဆိုပါတယ်။

စက်ရုံတွေဘက်မှအလုပ်ခေါ်ယူတဲ့အခါမှာလည်း အရင်ကစက်ရုံလုပ်ငန်းတွေကို လုပ်ကိုင်ဖူးသူတွေနဲ့ စက်ရုံကလူတွေနဲ့ နီးစပ်သူတွေကိုသာအလုပ်ခေါ်တာကြောင့် အလုပ်အကိုင်ရှားပါးတာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံအတွင်းစစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းပြည်တွင်းကလူငယ်အများစုဟာ ထိုင်ငံဘက်ကို တရားဝင်လမ်းတွေနဲ့ကော တရားမဝင်လမ်းတွေနဲ့ သွားရောက်နေကြသလို နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာလည်းထိုင်း – မြန်မာချစ်ကြည်ရေး အမှတ် ၁ တံတားကနေသွားလာနေကြတဲ့ မြို့ခံမဟုတ်တဲ့လူငယ်တွေရဲ့ မှတ်ပုံတင်တွေကို သိမ်းဆည်းတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)