ထားဝယ်နည်းပညာတက္ကသိုလ်က ဒုပါချုပ်နဲ့ ပါမောက္ခနှစ်ဦးကို တော်လှန်ရေးတပ်က ဖမ်းဆီးစစ်ဆေးနေ

ဖေဖော်ဝါရီလ ၂၉ရက်နေ့၊ ၂၀၂၄ခုနှစ်

 

ထားဝယ်နည်းပညာတက္ကသိုလ်က ဒုတိယပါမောက္ခချုပ်နဲ့ ပါမောက္ခဆရာမ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဗထူးတပ်မတော်ရဲ့ သတင်းနဲ့ ပြန်ကြားရေး ရဲဘော်ထက်မြက်က ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၈ရက်နေ့၊ နေ့လည် ၁၁နာရီဝန်းကျင်လောက်မှာ မောင်မယ်ရှောင်ရွာမှာရှိတဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းဝင်းထဲကို ရဲဘော်တွေ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရဲဘော်ထက်မြက်က ဆိုပါတယ်။

“ ကျောင်းဝင်းတခုလုံးကို ထိန်းပြီးမှ ဖမ်းခေါ်လာတာပါ။ အကုန်သိတယ်” လို့သူကအခုလို‌‌ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေက ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ မြို့ပြအင်ဂျင်နီယာ ဌာနမှူး ပါမောက္ခ ဒေါ်နန္ဒာလွင်နဲ့ အင်္ဂလိပ်စာဌာနမှူး ပါမောက္ခ ဒေါ်စုစုလတ်တို့ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားလူထုတွေ အကုန်လုံးက စစ်ကျွန်ပညာရေးစနစ်ကို ဝိုင်းဝန်းဆန့်ကျင်နေတဲ့အချိန်မှာ သူတို့က ဒီပညာရေးစနစ်ကို အသက်သွင်းဖို့ လုပ်ဆောင်နေတာကြောင့် အခုလို ဖမ်းဆီးရတာဖြစ်တယ်လို့ ရဲဘော်ထက်မြက်က ဆက်ပြောပါတယ်။

“ အရေးယူဖို့က တော့ ရှိတယ်။ အရေးယူမှုအပိုင်းကိုတော့ သေချာစစ်ဆေးပြီးမှာ ပြောလို့ရမယ်ဗျ။ လောလောဆယ်တော့ ကောင်းကောင်းမွန်မွန်ဘဲ့ ထိန်းသိမ်းထားတယ်”လို့ သူကပြောပြပါတယ်။

ထားဝယ်နည်းပညာ တက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေ ၁၀ကျော်လောက်သာရှိပြီး ပထမနှစ်နဲ့ ဒုတိယနှစ် တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀၀ဝန်းကျင်လောက်ဘဲ့ရှိတယ်လို့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးက ဆိုပါတယ်။

အဲ့ဒီနောက် နေ့လည် ၁၂နာရီလောက်မှာတော့ ကျောင်းအနီးက ဘုရားမဲစစ်ဆေးရေးဂိတ်နဲ့ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်တပ်သားတွေကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သေးတယ်လို့ ရဲဘော်ထက်မြက်က ပြောပြပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်တွေဘက်က တပ်သား ၅ဦးသေဆုံးခဲ့သလို စစ်ကောင်စီတပ်တွေရဲ့MA-3 သေနတ် ၂လက်၊ ကျည်ဘောက် ၆ခု၊ ၄၀မမ ဗုံးသီး ၆လုံး၊ (၅.၅၆) ကျည် ၂၀၄ထောင့်၊ လက်ကိုင်ဖုန်း ၂လုံးနဲ့ စကားပြောစက် ၁လုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

နေ့လည် ၂နာရီလောက်မှာတော့ ဘုရားမဲဂိတ်နဲ့ ထားဝယ်နည်းပညာတက္ကသိုလ်ကို စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာပြီး စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်၊ ဇူလိုင်လတုန်းကလည်း ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ဆရာမ ၅ဦးကို လောင်းလုံပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ဖူးသေးတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေ အရသိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- Ba Htoo Army

Phar Si Than (People’s Radio Myanmar)