
မတ်လ ၁ရက်၊ ၂၀၂၄ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီခန့် အမှတ် ၅ရက်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သလို၊ အမျိုးသား ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုစိုင်းက စစ်မှုထမ်းဥပဒေထောက်ခံပွဲကျင်းပဖို့အတွက် ရပ်ကွက်နေပြည်သူများကိုလိမ်လည်ခေါ်ယူခဲ့တယ်လို့ ဒေသခံများမှသိရပါတယ်။
ဖောဖော်ဝါရီလ ၂၈ရက်နေ့ကမြဝတီမြို့မြစန္ဒီပန်းခြံမှာ ပြုလုပ်ကျင်းပခဲ့တဲ့စစ်မှုထမ်းဥပဒေထောက်ခံပွဲမှာ အမှတ်၅ အုပ်ချုပ်ရေးမှူးမှ စည်းဝေးပြုလုပ်မယ်ဆိုကာ အမှတ်၅ရပ်ကွက်နေပြည်သူများကို တစ်အိမ်တစ်ယောက်နှုန်းနဲ့ခေါ်ယူခဲ့ပြီး သွားရောက်သူတွေမှာတော့ တစ်ယောက်ကို ငွေကျပ်၃၀၀၀ ရရှိခဲ့ကြတယ်လို့ ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။
“ဟိုတစ်နေ့ကစည်းဝေးလုပ်မယ်ဆိုပြီးလိမ်းခေါ်ပြီးတော့ ဆန္ဒပြပွဲလုပ်ခိုင်းတယ် စစ်မှုထမ်းဥပဒေထောက်ခံကြောင်းပေါ့ ရပ်ကွက်ထဲကလူတွေကိုပေါ့ တစ်အိမ်တစ်ယောက်ပေါ့ တန်းလျားတစ်ခုကိုတစ်ယောက်ပေါ့ အဲ့လိုမျိုးလာပြီးခေါ်တယ်အစည်းဝေးလုပ်ဖို့ဆိုပြီး ဟိုကျတော့ထောက်ခံပွဲသွားလုပ်ခိုင်းတယ်ထောက်ခံပွဲမှာအော်ခိုင်းတယ် ပြီးတော့၃၀၀၀ ပေးတယ်”လို့သူကပြောပါတယ်။
စစ်မှုထမ်းဥပဒေထောက်ခံပွဲကို မြစန္ဒီပန်းခြံမှာလူအင်အား၂၀၀ဝန်းကျင်လောက်နဲ့ အမှတ် ၅ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်ကျင်းပခဲ့ကြတာဖြစ်ပြီး စစ်တပ်အတွင်းဝင်ရောက်စစ်မှုထမ်းဖို့နဲ့ အမျိုးဘာသာသနာကို ကာကွယ်စောင့်ရှောက်ဖို့စတဲ့ ကြွေးကြော်သံများအော်ခဲ့ကြတယ်လို့ မြဝတီမြို့ခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“စစ်တပ်ထဲဝင်ဖို့ အမျိုးဘာသာသသနာကာကွယ်စောင့်ရှောက်ဖို့ ပြောတာပေါ့ တောင်းစားတဲ့သူတွေပါပါတယ် အဲ့ထဲမှာ သူတို့ပွဲလုပ်တာတောင်ဘယ်သူမှသိပ်မသိလိုက်ဘူး ပတ်တာတွေလည်းမတွေ့ဘူး သီချင်းတောင် ကွင်းထဲရောက်မှဖွင့်တယ် အခုက ရပ်ကွက်၅ကပဲ ကျန်တဲ့ရပ်ကွက်ပါတယ်လို့ မကြားဘူး”လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တုန်းကလည်း မြဝတီမြို့ရှိ စစ်တပ်ခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ၊ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေနဲ့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာမှ တာဝန်ရှိသူတွေက စစ်မှုထမ်းဖို့အတွက် စားရင်းကောက်ခံဖို့ကို အဖွဲ့တွေဖွဲ့စည်းလိုက်ကြပြီဖြစ်တယ်လို့ စစ်ကောင်စီတပ်ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။
စစ်မှုထမ်းဥပဒေထောက်ခံပွဲတွေကို ဘားအံမြို့နဲ့ မြဝတီမြို့မှာသာကျင်းပခဲ့ကြပြီး ကြာအင်းဆိပ်ကြီးမြို့မှာတော့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး လက်ကမ်းစာစောင်ဖြန့်ဝေတာတွေလည်းရှိသလို စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း မြန်မာပြည်တွင်းက လူငယ်အများစုမှာ ထိုင်းနိုင်ငံဘက်မှာသွားရောက်နေထိုင်တာ၊ အလုပ်လုပ်ကိုင်တာမျိုးတွေများပြားလာတယ်လို့ သိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-လူမှုကွန်ရက်
Phar Si Than (People’s Radio Myanmar)