
အောက်တိုဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် ၂ ရပ်ကွက် ဓမ္မရာမဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အမည်မသိအဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ လမ်းပေါ်ကျရောက် ပေါက်ကွဲသဖြင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၄ နာရီလောက်မှာ အမည်မသိအဖွဲ့တစ်ခုက ဓမ္မရာမဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်နေကြတဲ့ စစ်ကောင်စီတပ်နဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက် ခဲ့တာပါ။
အခုလို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် မောင်ဥက္ကာဖြိုးနဲ့ အသက် ၄၆ နှစ်အရွယ် ဦးအောင်ကိုလတ်တို့ ဗုံးစထိမှန်ပြီး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံး တစ်လုံးဘဲ၊ အဲ့ဒီစခန်းပေါ်မကျဘဲနဲ့ လမ်းမပေါ်ကိုကျတာ၊ ကလေးကတော့ အစနည်းနည်း မျက်နှာမှာမှန်တယ်၊ လူကြီးကတော့ ဗိုက်ရယ်လက်ရယ်ထိသွားတယ်၊ ကလေးကော လူကြီးကော မစိုးရိမ်ရဘူး” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ ထိခိုက်ဒဏ်ရာရသူနှစ်ဦးအနက် အသက် ၄၆ နှစ်အရွယ် ဦးအောင်ကိုလတ်မှာ ဒဏ်ရာပြင်းထန်တာကြောင့် ကော့ကရိတ်ဆေးရုံကနေ ဘားအံဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
အခုလို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ၄ နာရီ ၃၉ မိနစ်လောက်မှာလဲ ဒရုန်းနဲ့ နောက်ထပ်တစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ပေမဲ့ လူထိခိုက်တာတွေ မရှိခဲ့ဘူး ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဗုံးချပြီး ၄နာရီခွဲလောက်မှာ နောက်တစ်လုံးလာချတယ်၊ ခနက ကျတဲ့နေရာနဲ့ နည်းနည်းဘဲလှမ်းတယ်၊ အဲ့ဒီနေရာမှာတော့ လူထိတာတွေမရှိပါဘူး” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို ဗုံးချတိုက်ခိုက်တာနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ People’s Radio Myanmar အနေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းကလည်း ကော့ကရိတ်မြို့ ရဲစခန်းရှေ့မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူနဲ့ သံတောင်မြို့ တွေမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ် တပ်စွဲနေထိုင်ရာ နေရာတွေ မကြာခဏ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာတွေ၊ ဝင်ရောက်ပစ်ခတ်ခံရတာတွေကြောင့် စက်တင်ဘာလတစ်လအတွင်း စစ်ကောင်စီတပ်လက်အောက်ခံဝန်ထမ်း အယောက် ၂၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – PAN Channel
Phar Si Than (People’s Radio Myanmar)