သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ရဲ့ညီဖြစ်သူကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး စစ်ကြောရေးမှာ သေဆုံး

ဖေဖော်ဝါရီလ ၁၃ရက်နေ့၊ ၂၀၂၄ခုနှစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်ရဲ့ ညီဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်ကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့ (DSI)က ငွေကြေးခဝါချမှု၊ တရားမဝင် အွန်လိုင်းဂိမ်းလုပ်တဲ့ အမှုတွေနဲ့ ပတ်သတ်ပြီး ဖေဖော်ဝါရီလ ၁ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ရနောင်းမြို့တွေမှာ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဖေဖော်ဝါရီလ ၄ရက်နေ့က အဏ္ဏဝါရပ်ကွက်၊ ဘုရားလမ်းရှိနေအိမ်မှာ စစ်ကောင်စီတပ်သားတွေက အသက် ၆၀ အရွယ်ရှိ ဦးနောင်ပိန်ကို စစ်ဆေးစရာရှိတယ်လို့ ဆိုကာ ခေါ်သွားတာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ဆိုပါတယ်။

“ ကိုကျော်လွင်ကို ထိုင်းက အွန်လိုင်းငွေလိမ်၊ ငွေကြေးခဝါချကိစ္စနဲ့ ပတ်သတ်ပြီး စစ်ဆေးမေးမြန်ဖို့လို့ ပြောပြီး ခေါ်သွားတာ။ သူကို ခေါ်ယူစစ်ဆေးတဲ့အချိန်မှာတော့ သူနဲ့မသက်ဆိုင်ဘူး။ သူမသိဘူးဆိုပြောပြီးတော့ ပြောတယ်။ တနင်္သာရီတိုင်းမှူးက အာမခံပေးလို့ ပြန်လွတ်လာတယ်” လို့သူက အခုလိုပြောပါတယ်။

ဖေဖော်ဝါရီလ ၈ရက်နေ့မှာတော့ ဦးကျော်လွင်ကို စစ်ကောင်စီတပ်က တရားဝင်ဖမ်းဝရမ်းထုတ်လိုက်ပြီး ဦးနောင်ပိန်ရဲ့ အိမ်ကို စစ်တပ်က ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် (စရဖ)တွေက ဖေဖော်ဝါရီလ ၈ရက်နေ့မှာဘဲ့ ဦးနောင်ပိန်ကို နောက်တစ်ကြိမ် လာရောက် ဖမ်းဆီးပြီးနောက် ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာတော့ ဦးနောင်ပိန် သေဆုံးသွားကြောင်းကို စစ်ကောင်စီတပ်က မိသားစုကို အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ဆက်ပြောပါတယ်။

“ မိသားစုကို အကြောင်းကြားတာက ဆွဲကြိုးချသေတယ်ဆိုပြီးပြောတယ်။ စစ်ဆေးခံရတဲ့သူနဘေးမှာ လူတွေအများကြီးရှိတယ်လေ။ ရုံးထဲမှာဘဲ့ ဆွဲကြိုးချသေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ” လို့ သူကပြောပြပါတယ်။

ဦးနောင်ပိန်ရဲ့ ရုပ်အလောင်းကို ကော့သောင်းရှိ အမှတ်(၁၃) ကုတင်၁၀၀ စစ်ဆေးဆေးရုံ ရင်ခွဲရုံမှာထားရှိပြီး ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာတော့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးကာ ချက်ချင်း သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

ဦးကျော်လွင်ကို ထိုင်းနဲ့ စစ်ကောင်စီတပ်က ဖမ်းဝရမ်းထုတ်ထားပြီး သူနဲ့ ဆက်စပ်သူ ၇ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ DSI Websiteမှာ ဖော်ပြထားပါတယ်။

ဦးကျော်လွင် ဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းရှိ ကာစီနိုလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေကို ပိတ်ထားပြီး ဝန်ထမ်းတွေလည်း အလုပ်နားထားရတယ်လို့ ကော့သောင်းဒေသခံက ဆိုပါတယ်။

လက်ရှိမှာ ၇ဦးဖမ်းဆီးခံထားရပေမယ့် ဦးကျော်လွင်နဲ့ တခြားသူတွေကတော့ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

 

သတင်း – နော်အယ်နီး

ပုံ – ဦးနောင်ပိန်ဈာပနအခမ်းအနား

Phar Su Than (People’s Radio Myanmar)