မူးဒူးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် ထပ်မံမီးရှို့

နိုဝင်ဘာလ ၂၂ရက်နေ့၊ ၂၀၂၃ခုနစ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း အနီးရှိ မူးဒူးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မူးဒူးရွာဒေသခံတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလ (၁၈)ရက်နေ့မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်း(၂)ကြောင်းနဲ့ မူးဒူးရွာထဲကို ဝင်ရောက်လာပြီး မူးဒူးရွာစာသင်ကျောင်းထဲ တပ်စွဲကာ ဒေသခံ ၁၀ဦးလောက်ကိုလည်း ဖမ်းဆီးလိုက်တယ်လို့ မူးဒူးရွာက ဒေသခံတစ်ဦးကပြောပါတယ်။

“ စစ်ကြောင်းက အနောက်မူးဒူးကနေ တစ်ကြောင်း၊ အရှေ့မူးဒူးကနေ တစ်ကြောင်းဝင်လာတာ။ ပြီးတော့ စစ်ရှောင်နေတဲ့ သူတွေကို ဝင်ဝိုင်းပြီး ကလေးရော၊ အမျိုးသမီးတွေကိုရော ဖမ်းသွားတယ်” လို့သူကအခုလိုဆိုပါတယ်။

နိုဝင်ဘာလ (၉)ရက်နေ့၊ မနက် (၉)နာရီလောက်မှာတော့ အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းက မူးဒူးရွာထဲက နေအိမ် (၁၇)ဆောင်ကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ မူးဒူးရွာဒေသခံက ဆက်ပြောပါတယ်။

“ ရှို့တဲ့နေ့ကတော့ အဝေးကနေမြင်ရတော့ အတိအကျမသိဘူးလေ။ ဒီနေ့မှ ရွာထဲဝင်ကြည့်တာ။ မူးဒူးရွာက စစ်တပ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါလာပြီး အိမ်တွေကို လက်ညှိုးထိုးပြီး ရှို့ခိုင်းတာ” လို့သူကအခုလိုပြောပြပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ (၁၈)ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းကို မြင်လို့ထွက်ပြေးတဲ့ ကလေးငယ်တစ်ဦးကိုလည်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ခြေထောက်မှာကျည်ထိမှန်ခဲ့ပြီး အခုလက်ရှိအချိန်ထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အလားတူ စစ်ကြောင်းဝင်လာလို့ ထွက်ပြေးတိမ်းရှောင်ရင်း အသက် (၄၃)နှစ်အရွယ်ရှိ ကိုဗိုလ်စင်္ကြာဆိုတဲ့ ဒေသခံတစ်ဦး အမောဆို့ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့‌ ပြောပြချက်အရ သိရပါတယ်။

နေအိမ်မီးရှိုခံလိုက်ရတဲ့ အိမ်ပိုင်ရှင်တစ်ဦးက “ အခုကတော့ တဲထိုးပြီးနေနေရတယ်။ ရွာလုံခြုံရေးအဖွဲ့ကလည်း သူတို့မှာ ရှိတဲ့ အစားအသောက်နဲ့ အဝတ်တွေကို ‌ဝေမျှကြတယ်။ ရှိတာလေးတွေကို ဝေမျှပြီး စားသောက်နေကြရတာပေါ့” လို့သူကအခုလို ပြောပါတယ်။

နိုဝင်ဘာလ (၂၁)ရက်နေ့ မနက်မှာတော့ အဲ့ဒီစစ်ကောင်စီတပ်သားတွေက မူးဒူးရွာထဲကနေ ပြန်လည်ထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း စစ်ကောင်စီတပ်တွေက မူးဒူးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ပြီးနောက် “ နောက်တစ်ကြိမ်တရွာလုံးပြာကျမယ်” ဆိုတဲ့ ခြိမ်းခြောက်စာတွေကိုလည်း အိမ်နံရံတွေမှာ ရေးသားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တနင်္သာရီတိုင်းအတွင်း အိမ်ခြေ (၄၄)ဆောင် ထိခိုက်ပျက်စီးခဲ့တယ်လို့ FE5 Thanintharyiရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

တနင်္သာရီတိုင်းမှာ ရေဖြူမြို့နယ်၊ လောင်းလုံမြို့နယ်၊ သရက်ချောင်းမြို့နယ်နဲ တနင်္သာရီမြို့နယ်တွေမှာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးအခြေအနေတင်းမာနေတာကြောင့် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၂သောင်းကျော်ရှိနေတယ်လို့ တနင်္သာရီတိုင်းရှိ အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- CJ

Phar Si Than (People’s Radio Myanmar)