တောင်ကလေးကျေးရွာမှာ စစ်ကောင်စီကသေနတ်နဲ့ပစ်ခတ်လို့ ဒေသခံအမျိုးသား(၁)ဦးသေဆုံး

နိုဝင်ဘာလ ၂၂ရက်၊ ၂၀၂၃ခုနှစ်

 

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊တောင်ကလေးကျေးရွာမှာစစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံကျေးရွာသားတစ်ဦးသေဆုံးခဲ့တယ်လို့ ကျေးရွာနေပြည်သူတွေ ဆီကနေသိရပါတယ်။

နိုဝင်ဘာလ (၂၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်ကျေးရွာအတွင်း သေနတ်သံ(၅)ချက်ကြားခဲ့ ရပြီး ဒီနေ့နိုဝင်ဘာလ(၂၂)ရက်နေ့မနက်ပိုင်းမှတော့အသက်(၃၅)နှစ်ဝန်းကျင် အရွယ်ဦးသိန်းထွန်း ရဲ့ အလောင်းကို တောင်ကလေးကျေးရွာအရှေ့ပိုင်းမှာတွေ့ရှိခဲ့ရတယ်လို့ ကျေးရွာသားတစ်ဦး  ကပြော ပါတယ်။

“ပစ်တာကည၈နာရီလောက်က စက်သေနတ်နဲ့ ပစ်တာ(၅)ချက်လောက် အဲ့လူကမူးပြီးအမြဲရွာ ပတ်လမ်းမှာလျှောက်နေတာ အရင်ကအဲ့အရှေ့စုဘုရားမှာသူကအိပ်တာခုတော့အဲ့နားသွား မိလို့ ပစ်ခံရတာထင်တယ် မနက်မှအလောင်းကောက်တာ အရှေ့ပိုင်းနားနေတဲ့သူ တွေပြော ပြတာညက အပစ်ခံရတာတဲ့ အိမ်ကြားမှာသေနေတာ”လို့သူကပြောပါတယ်။

နိုဝင်ဘာလ (၂၂)ရက်နေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေတပ်စွဲနေထိုင်နေတဲ့ရဲစခန်း ကို KNLAပူးပေါင်းတပ်ဖွဲ့တွေဒရုန်းနဲ့ဗုံးကြဲတာတွေပြုလုပ်နေပြီး စစ်ကောင်စီတပ်ဘက်က လည်းပြန်လည်ပစ်ခတ်တာတွေရှိတယ်လို့ဆိုပါတယ်။

ချောင်းနှစ်ခွကျေးရွာဘက်မှာလည်းစစ်ကောင်စီတပ်နဲ့ KNLAပူပေါင်းတပ်ဖွဲ့တွေ နှစ်ဖက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီတပ်ကလည်းမထင်ရင်မထင်သလို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေတယ်လို့KNLAသတင်းအရင်းမြစ်တစ် ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ ရဲစခန်းအနားတစ်ဝိုက်မှာရွာသားတွေတစ်ယောက်မှမရှိတော့ဘူးဆို တော့ကြိုကြားကြိုကြား(၅)မိနစ်(၁၀)မိနစ်လောက်ဖြစ်လိုက် ပျောက်သွားလိုက်နားသွား လိုက်ပြီး တော့ပြန်ပစ်လိုက်ပေါ့လက်နက်ကြီးကတော့တစ်နေကုန်တစ်ညလုံးပစ်တာပဲမထင်ရင်အထင်သလိုပစ်တယ်”လို့ကပြောပါတယ်။

တောင်ကလေးကျေးရွာအတွင်းညနေပိုင်းအချိန်သွားလာသူတွေကိုလည်းစစ်ကောင်စီတပ်က မင်္သကာရင်ပစ်မယ်ဆိုပြီး တောင်ကလေးဈေးမှာလိုက်လံကြေညာခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၀)ရက်နေ့မနက်ပိုင်းအချိန်တုန်းကလည်းတောင်က လေးကျေးရွာ အရှေ့ပိုင်း မှာရှိတဲ့ ပိတ်ထားတဲ့လမ်းပိုင်းကို ဖြတ်သွားတဲ့ကျေးရွာသားမဟုတ်တဲ့ အမည်မသိအမျိုးသား နှစ်ဦးကိုလည်း စစ်ကောင်စီတပ်ကသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် တစ်းဦးမှာ သေဆုံးပြီးနောက်တစ်ဦးမှာ လက်မောင်းဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)