
နိုဝင်ဘာလ ၂၂ ရက် ၂၀၂၃ ခုနှစ်
ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်(မ်) ဦးဆောင်ပြီး နွေဦးတော်လှန်ရေး တက်တူးထိုး ကမ်ပိန်းပြုလုပ်ကျင်းပခဲ့တာပါ။
အခုလို တက်တူးထိုး လှုပ်ရှားမှုပြုလုပ်တာဟာ မြန်မာနိုင်ငံတွင်းမှာ စစ်အာဏာရှင်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူ ၂သန်းအတွက် အခုလို တက်တူးထိုးကမ်ပိန်းပြုလုပ်ရတာ ဖြစ်တယ်လို့ Freedom Tattoo Camping ပြုလုပ်ရာမှာ ပါဝင်တဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အခုလို တက်တူးထိုးလှုပ်ရှားမှု ပြုလုပ်တာကနေရရှိတဲ့ ရံပုံငွေတွေကို မြန်မာနိုင်ငံတွင်းဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်တာကြောင့် ထောင်ကျနေတဲ့ ပြည်သူတွေကို ပြန်လည်ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
” ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းဆီကနေကတော့ ကျွန်မတို့ ဘာမှ မျှော်လင့်မထားပါဘူး၊ ကိုယ့်ရဲ့အသားကို အနာခံပြီးတော့ မြန်မာပြည်မှာ ခံစားနေရတဲ့လူတွေနဲ့ ထပ်တူရှိတယ်ဆိုတဲ့အကြောင်းကို ကျွန်မတို့ သက်သေပြချင်တာလည်း ပါတယ်၊ ဒီကရတဲ့ ရံပုံငွေတွေလည်း ဒီစစ်ဘေးနဲ့ အကျဉ်းထောင်မှာပေါ့နော် နိုင်ငံရေး အကျဥ်းသားအဖြစ်နဲ့ ထောင်ကျနေတဲ့ လူတွေအတွက်ကိုဘဲ ရည်ရွယ်ပြီးတော့ ကျွန်မတို့ဒီပွဲလေးကို လုပ်ဖြစ်တာပါရှင့်၊” လို့ သူကပြောပါတယ်။
အခုလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သား ဦးဆောင်တဲ့ တက်တူးလှုပ်ရှားမှုကို အောက်တိုဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၃ ရက်နေ့အထိပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ဦးဆောင်ကျင်းပတဲ့ တက်တူးထိုးလှုပ်ရှားမှုကို ထိုင်းနိုင်ငံအပြင် ကိုရီးယားနိုင်ငံနဲ့ အမေရိကားနိုင်ငံတွေအပြင် တစ်ခြားနိုင်ငံတွေမှာလည်း ပြုလုပ်ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Cj
Phar Si Than (People’s Radio Myanmar)