မလွဲတောင် စစ်ဆေးရေးဂိတ် ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား (၆)ဦး သေဆုံး

[videopress Va0R3HAD]

ဧပြီလ ၂ရက်နေ့၊ ၂၀၂၄ခုနှစ်

 

ရေး−ထားဝယ် အမှတ်(၈) ပြည်ထောင်စုကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ မလွဲတောင်စစ်ဆေးရေးဂိတ်ကို ပြည်သူကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ KBDF Drone တပ်ဖွဲ့ဆီကနေ သိရပါတယ်။

မတ်လ ၂၉ရက်နေ့၊ မနက် ၁၀နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား (၄၀)လောက်ရှိတဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းနယ်စပ်ရှိ မလွဲတောင် စစ်ဆေးရေးဂိတ်ကို ဗုံးသီး (၆)လုံး ကြဲချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား (၆) ဦး သေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KBDF Drone တပ်ဖွဲ့ရဲ့ ရဲဘော်ပါပီလွန်က ဆိုပါတယ်။

“ ကျနော်တို့ စစ်ဆင်ရေးစတဲ့အချိန်မှာက အသွားအလာမရှိတော့ဘူး။ ဂိတ်က ပစ်ချလိုက်တယ်။ အဲ့ဒီလမ်းမကြီးမှာ တော်လှန်ရေးအဖွဲ့တွေက နယ်မြေစိုးမိုးမှု စလုပ်တဲ့အချိန်မှာ ပိတ်ချလိုက်တာ” လို့ သူကအခုလို ပြောပါတယ်။

မလွဲတောင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခံရတဲ့အချိန်မှာတော့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သလိုလေကြောင်းကနေပါ ပစ်ကူပေးခဲ့တယ်လို့ KBDF Drone တပ်ဖွဲ့ရဲ့ ရဲဘော်ပါပီလွန်က ဆက်ပြောပါတယ်။

“ သူတို့က ရဟတ်ယာဉ်ရော၊ ဂျက်ဖိုက်တာနဲ့ပါ ဗုံးလာကြဲတာ” လို့သူက ပြောပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ရက်နေ့ကလည်း မလွဲတောင်စစ်ဆေးရေးဂိတ်နဲ့ မင်းသားရွာရှိ ပျူစောထီးစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၁၀)ဦး သေဆုံးခဲ့ပါသေးတယ်။

 

သတင်း−နော်အယ်နီး

ပုံ− မလွဲတောင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ ရုပ်သံ

Phar Si Than (People’s Radio Myanmar)