တောင်ငူ-သံတောင်လမ်း (၅)မိုင်အနီး လယ်သပင်ကွင်းကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်

ဇန်နဝါရီလ ၅ရက်၊ ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ တောင်ငူ-သံတောင်လမ်း (၅)မိုင်အနီးက လယ်သပင်ကွင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းတစ်ကျောင်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၄ရက်နေ့ ည​နေ ၄ နာရီလောက်က လယ်ပင်ကွင်းကျေးရွာထဲကို စစ်တပ်က တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ လေကြောင်းကနေ (၅၇) မမ ဗုံးသီး (၁၆) လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

” မနေ့ကတိုက်ပွဲမဖြစ်ဘူး၊ ငြိမ်နေတာ၊ အခုတစ်လောတိုက်ပွဲတွေငြိမ်နေတယ် သံတောင်ဘက်မှာ၊ တစ်ခါတစ်လေ လက်နက်ကြီးပစ်တာလောက်ဘဲ ကြားရတယ်၊ မနေ့က ၄ နာရီလောက်လေယာဥ်နဲ့ လာပစ်တာ၊ ၁၆လုံးပစ်ပြီးပြန်သွားတယ်၊အဲ့ဒါပြီးတော့ဘာမှမဖြစ်တော့ဘူး၊” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

အခုလိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လယ်ပင်ကွင်းကျေးရွာထဲက ဘုရားကျောင်းတစ်ကျောင်း လက်နက်ကြီးထိမှန်ခဲ့ပေမဲ့ ဒေသခံထိခိုက်ဒဏ်ရာရရှိတာတွေ မရှိခဲ့ဘူးလို့ ဒေသခံတွေကဆိုပါတယ်။

” လူတော့ဘာမှမဖြစ်ဘူး၊ ခရစ်ယာန်ဘုရားကျောင်းကတော့ တော်တော်ပျက်စီးသွားတယ်၊ ဗုံးသီးက ဘုရားကျောင်းတည့်တည့်ကိုကျတာ၊ ခေါင်မိုးအကုန်ပေါက်ကုန်တယ်၊” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

တောင်ငူ-သံတောင်လမ်းပိုင်းတွေမှာ တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘဲ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို မကြာခဏပြုလုပ်လေ့ရှိတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ရက်နေ့ ညနေ ၃ နာရီလောက်ကလည်း စစ်တပ်ရဲ့လေယာဥ်ဗုံးကြဲမှုကြောင့် တောင်ငူမြို့အနီး နဂါးမောက်ကျေးရွာက ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Thaw Thi Kho

Phar Si Than(People’s Radio Myanmar)