ကော့ကရိတ်မြို့ထဲ ပစ္စည်းဝင်ယူတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်နေ

မတ်လ ၇ ရက် ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ထဲရှိ နေအိမ်တွေမှာ ပစ္စည်းတွေ ပြန်လည်ဝင်ယူတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၉၇ ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲတာတွေကြောင့် ဒေသခံနေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးနေပါတယ်။

အခုလို ဒေသခံနေအိမ်တွေ မီးလောင်ပျက်စီးနေတာကြောင့် မပျက်စီးသေးတဲ့ နေအိမ်တွေကနေ ပစ္စည်းတွေ ပြန်လာယူတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ လူများလို့ လူသူလှုပ်ရှားမှုတွေ့ရင် လက်နက်ကြီးကျတယ်၊ PDF တွေကတော့ မလာကြပါနဲ့လို့ တားပါတယ်၊ ရောက်လာတော့လည်း ပေးသယ်ပါတယ်၊ စကစ တွေက လမ်းဖွင့်ပေးတယ်၊ သဘောကောင်းသရောင် လုပ်နေပေမဲ့ အရပ်ထဲကိုရောက်တာနဲ့ လက်နက်ကြီးကျတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ညနေပိုင်းလောက်ကလည်း ချောင်းတောင်ရပ်ကွက်နဲ့ တံတားဦးရပ်ကွက်ရှိ နေအိမ်မှာ စစ်ဘေးရှောင်တွေ ပစ္စည်းဝင်ယူတဲ့အချိန် အနီးနားမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့ထဲမှာ တိုက်ပွဲ ကြီးကြီးမားမားဖြစ်ပွားတာမရှိပေမဲ့ စစ်တပ်ရဲ့ ခလရ ၉၇ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ စကခ ၁၂ ကနေ ဒရုန်းနဲ့ မြို့ထဲရှိ ချောင်းတောင်၊ တံတားဦး၊ ဝင်းကြီးနဲ့ ကမ်းနားလမ်းဘက်ကို မီးလောင်ဗုံးကြဲတာ နေတိုင်းပြုလုပ်နေတယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

“ အခုတလော တိုက်ပွဲ ကြီးကြီးမားမားဖြစ်တာမရှိသေးဘူး၊ မြို့ထဲမှာ အေးဆေးဘဲ၊ ငြိမ်နေတယ်၊ ဒါပေမဲ့ စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေတော့ ပုံမှန်ဘဲ နေ့တိုင်းရှိနေတယ်၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်ပွားတာ ၃ လကျော်ကြာမြင့်နေပြီး ဒေသခံ နှစ်သောင်းဝန်းကျင်ဟာ မြဝတီ၊ဘားအံ၊မော်လမြိုင်နဲ့ စစ်ဘေးလွတ်ရာကျေးရွာတွေဘက်ကို လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်နေရသလို စစ်ဘေးရှောင်ရတာ အချိန်ကြာမြင့်လာတာကြောင့် နေထိုင်စားသောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

 

သတင်း – ကိုဖြိုး

ဓာတ်ပုံ – ပုံဟောင်း

Phar Si Than (People’s Radio Myanmar)