
နိုဝင်ဘာလ ၂၅ရက်နေ့၊ ၂၀၂၃ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကညနရုံးအနီးမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားနှစ်ဦးကို ကားနဲ့ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ အနောက်ကနေ လိုက်လံ ပစ်ခတ်တာကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ခြေထောက်မှာ ကျည်ထိမှန်ရရှိခဲ့တယ်လို့ ထားဝယ်မြို့ခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ ၂၃ရက်နေ့၊ ည ၇နာရီခွဲလောက်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားနှစ်ဦးကို ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်ရှိဈေးနားမှာ တွေ့ရှိတာကြောင့် အနောက်ကနေ လိုက်လံပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထားဝယ်မြို့ရှိ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ ဆိုင်ကယ်က ၂ယောက်မောင်းလာတော့ လိုက်ပစ်တာဖြစ်မယ်။ ဆန်းချီဈေးနားကနေ လိုက်ပစ်တာ ။ ညမထွက်ရ အမိန့်ကလည်း ည ၁၁နာရီမှလေ။ သူတို့က ည၇နာရီလောက်ဆို လမ်းမှာက လူတောင်မရှိတော့ဘူး” လို့ သူကအခုလို ပြောပါတယ်။
အဲ့ဒီနောက် ထားဝယ် ကညနရုံးအရှေ့ရောက်မှာတော့ ဆိုင်ကယ်နဲ့ ကား အရှိန်ပြင်းစွာမောင်းနှင်လာပြီး သေနတ်သံတွေ ဆယ်ချက်လောက် ကြားရတယ်လို့ အဲ့ဒီရုံးအနီးရှိ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
“ ရုံးထဲက ထွက်ပစ်တာမဟုတ်ဘူး။ ကားရော ဆိုင်ကယ်ရော တော်တော်ကြမ်းတယ် မောင်းလာတာ။ အစက ရုံးထဲက ထွက်ပစ်တာလို့ ထင်တာ” လို့သူက ပြောပြပါတတယ်။
ဆိုင်ကယ်မောင်းနှင်လာတဲ့သူနှစ်ဦးထဲက တစ်ယောက်က ဆိုင်ကယ်ပေါ်ကနေ ခုန်ချခဲ့လို့ အဖမ်းခံလိုက်ရပြီး တစ်ဦးကတော့ ခြေထောက်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေဘက်က ကားတွေနဲ့ ရောက်ရှိလာပြီး အဲဒီအမျိုးသား နှစ်ဦးကို ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ပစ်ခတ်ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားနှစ်ဦးက ဘယ်သူဘယ်ဝါဆိုတာနဲ့ စစ်ကောင်စီတပ်က ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ ကျမတို့ People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုပြောဆိုနိုင်တာမျိုး မရှိသေးပါဘူး။
ထားဝယ်မြို့ပေါ်မှာ ညမထွက်ရ အမိန့်ကို ည ၁၁နာရီကနေ မနက် ၃နာရီအထိ စစ်ကောင်စီက သတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ထားဝယ်မြို့ပေါ်မှာ ပေါ်တာဆွဲခံနေရပြီး သတင်းအစအနမရှိ ပျောက်ဆုံးနေတဲ့ သူတွေများလာပြီ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- CJ
Phar Si Than (People’s Radio Myanmar)