
ဖေဖော်ဝါရီလ ၂၆ရက်နေ့၊ ၂၀၂၄ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်-ထားဝယ်ကားလမ်းမပေါ်ရှိ မွန်ပြည်နဲ့ တနင်္သာရီတိုင်းကြားက မလွဲတောင် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Kanbauk Defense Force ရဲ့ ရဲဘော်ပါပီလွန်ဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၅ရက်နေ့၊ မနက် ၉နာရီခွဲလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၄၀လောက်ရှိတဲ့ မလွဲတောင် စစ်ဆေးရေးဂိတ်ကို SFZ ဒရုန်းနဲ့ ဗုံးသီး ၇လုံးကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရဲဘော်ပါပီလွန်က ဆိုပါတယ်။
“ ၆၀မမ ၆လုံးနဲ့ ၈၁မမ ဗုံးသီး ၁လုံး၊ စုစုပေါင်း ၇လုံးကြဲချတိုက်ခိုက်တယ်။ ၂လုံးက တော့ စစ်ဆေးရေးဂိတ် တည့်တည့်ကို ကျတယ်။ ၅လုံးကတော့ သူတို့ နေတဲ့ စခန်းကုန်းထဲ ကျတယ်” လို့ သူက အခုလိုပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှု အပြီးမှာတော့ စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ နေ့လည် ၁၁နာရီလောက်ထိ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။
“ လမ်းတွေကို ဟိုဘက်ဒီဘက် ပိတ်ချပြီး ရမ်းပစ်တာ။ ကားတွေကို စစ်နေတဲ့အချိန်မှာ တအုံးအုံးနဲ့ ကျလာတာ။ ကျနော်တို့ဆို ဘယ်ပြေးလို့ ပြေးရမယ်မသိဖြစ်တယ်” လို့ သူကပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ၅နာရီကျော်လောက် ပိတ်မိနေတဲ့ ခရီးသည်ကားတွေနဲ့ မော်တော်ယာဉ်တွေကို ညနေ ၃နာရီလောက်မှာ လမ်းပြန်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွင်း စစ်ကောင်စီတပ်တွေဘက်က စစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်းက အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားလည်း ထိခိုက်သေဆုံးခဲ့ပေမယ့် ပြည်သူထိခိုက်မှုတော့ မရှိဘူးလို့ ရဲဘော်ပါပီလွန်က ဆက်ပြောပါတယ်။
မလွဲတောင်စစ်ဆေးရေးဂိတ်ဟာ စစ်ရေးအရ အရေးပါတဲ့ ဗျူဟာဖြစ်သလို အဲ့ဒီဂိတ်က စစ်ကောင်စီတပ်သားတွေက ပြည်သူတွေဆီကနေ ငွေကြေးမတရားတောင်းခံတာနဲ့ ကားသမားတွေဆီက ဆက်ကြေးကောက်ခံတာ၊ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ကားတွေကို တရားဝင်ခွင့်ပြုချက်တွေနဲ့ တနင်္သာရီတိုင်းထဲကို ဝင်ခွင့်ပြုတာနဲ့ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Kanbauk Defense Force ရဲ့ ရဲဘော်ပါပီလွန်က ရည်ရွယ်ချက်ကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄) ရဲ့ ဒရုန်းတပ်ဖွဲ့၊ ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF၊ Ye Air Force (YAF)၊ ထားဝယ်ပြည်သူ့ကာကွယ်ရေး တပ်မတော် T1တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- မလွဲတောင်စစ်ဆေးရေးဂိတ်
Phar Si Than (People’s Radio Myanmar)