စကခ ၁၂ က ဒရုန်းနဲ့ချတဲ့ မီးလောင်ဗုံးတွေကြောင့် ဒေသခံနေအိမ် ၁၀ လုံးနီးပါး ထပ်မံမီးလောင်ပျက်စီး

ဖေဖော်ဝါရီလ ၂၆ရက် ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကခ ၁၂ကနေ  ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် ၁၀ လုံးနီးပါး ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ရေကာတာဘက်ကို စစ်တပ်က အင်အား ၁၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သလို ကော့ကရိတ်မြို့ထဲက ချောင်းတောင်နဲ့ ကြာအင်းကုန်းကွက်သစ်နေရာတွေကို စကခ ၁၂ဘက်က  ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

” ရေကာတာဘက်ကိုတိုးလို့ နည်းနည်းပါပဲပစ်ခတ်တာကတော့၊ Drone ကတော့အတော်ကြဲတယ်၊ တစ်နေ့လုံးပဲ၊ ချောင်းတောင်ဘက်တွေပါပဲ၊ခုမနက်တောင်ခံရသေးတယ်၊ နှစ်ခေါက်အကြဲခံလိုက်ရတယ်၊” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်တပ်က တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကြာအင်းကုန်းကွက်သစ်ဘက်က နေအိမ် ၁၀ လုံးနီးပါးမီးလောင်ခဲ့သလို ည ၈ နာရီကျော်တဲ့အထိ​ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေကြားခဲ့ရသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” မနေ့မနက်က ၁၀ နာရီလောက်မှာတိုက်ပွဲသံကြားရတာပဲ၊ လက်နက်ကြီးသံတွေကော လက်နက်သေးသံတွေကောပဲ၊ ကြာအင်းကုန်းမှာတော့ လက်နက်ကြီးကျလို့ဖြစ်မယ် မီးလောင်သွားတယ်၊ ၁၀ လုံးလောက်တော့ပါသွားတယ်၊တိုက်ပွဲ ဖြစ်နေတော့အဲ့ဒီဘက်ကို မသွားရဲသေးလို့တိတိကျကျမသိရသေးဘူး၊ ညကလည်း ၈ နာရီကျော်တဲ့အထိ တိုက်ပွဲ ဖြစ်နေတယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာ ၃ လနီးပါးကြာမြင့်နေပြီး ဒေသခံ ၂၀၀၀၀ ဝန်းကျင်ဟာ ကာလရှည်ကြာ စစ်ဘေးတိမ်းရှောင်နေရတာကြောင့် စားသောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံနေအိမ် အလုံး ၁၀၀ နီးပါးမီးလောင်ပျက်စီးခဲ့သေးတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than (People’s Radio Myanmar)