ကျပ်သိန်းဆယ်ချီပေးမှသာ ကြာအင်းဆိပ်ကြီးမြို့တွင်းကို DKBA ကဝင်ခွင့်ပြု

May be an image of 1 person, scooter, motorcycle, road, cloud and text
_
By – People’s Radio Myanmar
Date – 20 August 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူကနေ ကြာအင်းဆိပ်ကြီးမြို့တွင်း ကုန်တင်ကားတစ်စီးဖြတ်သန်းသွားလာမယ်ဆို ရင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်− DKBA ကို မြန်မာကျပ်ငွေ သိန်းဆယ်ချီပေးနေရပြီး အဲဒီလိုပေးမှသာ သွားလာလို့ရတယ်လို့ မြို့ခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
သြဂုတ်လ ၁၇ ရက်ကစပြီး ကြာအင်းဆိပ်ကြီးမြို့အဝင်မှာရှိတဲ့ ကြခတ်ချောင်းလမ်းခွဲနဲ့ ချောင်းဝလမ်းခွဲမှာ ဗိုလ်လက်ခိုင် ဦးစီးတဲ့ DKBA အဖွဲ့က ကုန်တင်ယာဉ်ကြီးတစ်စီးကို ၁၀ သိန်းကနေ ၁၅ သိန်းအထိတောင်းယူနေပြီး သတ်မှတ်ငွေကြေးပေးသွင်းပြီးမှသာ မြို့ထဲဝင်ခွင့်ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ကြာအင်းဆိပ်ကြီးမြို့တွင်းမြို့ပြင်တွေ မှာ ကုန်တင်ကားအများအပြားပိတ်မိနေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
သူက “ဒီချောင်းဝနဲ့ ကြခတ်ချောင်းလမ်းခွဲမှာ ဗိုလ်လက်ခိုင်တို့်အဖွဲ့က ကားကြီးတစ်စီးကို ၁၃ သိန်းနဲ့ဆိုပြီး မြို့ထဲကို ဝင်ခွင့်ပြုနေတာ။ အဲဒီဂိတ်ကိုဖြတ်ပြီးရင်လည်း စကစ ရဲ့သပြေချဉ်ဂိတ်ကိုဖြတ်ဖို့အတွက် သူတို့ရဲ့ စုပေါင်းအဖွဲ့ကိုညှိနှိုင်းပြီးမှ ဝင်လို့ရတယ်။ အခုအချိန်ထိကို ကားတွေက လမ်းဘေးဝဲ၊ ယာတလျှောက်ပိတ်နေတယ်။ မြို့ထဲမှာကော မြို့ပြင်မှာကော” လို့ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မြို့တွင်းဝင်မယ့်ကုန်ကားတွေကို ဆယ်စီးတစ်ခေါက်သွားခွင့်ပြုနေတာဖြစ်ပြီး မြို့ပြင်ပြန်ထွက်မယ့် ကုန်ကားတွေဆိုရင်လည်း သူတို့သတ်မှတ်ထားတဲ့နှုန်းထက်ပိုပေးရင်တော့ ဦးစားပေးထွက်ခွင့်ပြုတယ်” လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ အဆိုပါဒေသခံက “ဒီနေ့ထိကို ခဏနေပေးထွက်လိုက်၊ လက်မှတ်လုပ်လိုက်၊ ပေးရပ်လိုက်နဲ့ ကားတွေကတော့မျိုးစုံပဲ။ ၆ ဘီးကနေ ၂၄ ဘီးအထိရှိတယ်။ အအေးခန်းအလုံပိတ်ကားတွေကော မြို့ထဲကနေ မြို့ပြင်ပြန်ထွက်မယ့်ကားတွေကော သူတို့အခုသတ်မှတ်ထားတဲ့ ၁၀ သိန်းကနေ ၁၅သိန်းပေါ့။ အဲဒါထပ်ပိုပေးရင်ဦးစားပေးပြီး ပေးသွားတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီ ရဲ့ သပြေချဉ်ဂိတ်ကလည်း ကုန်တင်ယာဉ်တွေကိုအမိုးဖွင့်ခိုင်းထားပြီး သူတို့သတ်မှတ်ထားတဲ့တန်ချိန်ထက် ပိုနေတဲ့ကုန်ကားတွေကိုကို မြို့တွင်းဝင်ခွင့်မပြုဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်ကကစပြီး ကြာအင်းဆိပ်ကြီးမြို့အဝင်မှာရှိတဲ့ သပြေချဉ်ဂိတ်ကနေ မြို့ဝင်မြို့ထွက်ကို ရက်အကန့်သတ်မရှိ ပိတ်ထားခဲ့ပါသေးတယ်။
ပုံစာ – ကြာအင်းဆိပ်ကြီးမြို့။