မလွဲတောင်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

[videopress 6tvzOhbS]

မတ်လ ၂၅ရက်နေ့၊ ၂၀၂၄ခုနှစ်

 

ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စု ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ မလွဲတောင် စစ်ဆေးရေးဂိတ်ကို ဒေသတော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Kanbauk Defense Forceအဖွဲ့ဆီက သိရပါတယ်။

မတ်လ ၂၃ရက်နေ့၊ မနက် ၆နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သား အင်အား ၄၀လောက်ရှိတဲ့ မလွဲတောင်စစ်ဆေးရေးဂိတ်ကို ၈၁မမ ဗုံးသီး ၄လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Kanbauk Defense Forceရဲ့ ရဲဘော်ပါပီလွန်ကပြောပါတယ်။

“ ကျနော်တို့ ဗုံးသီးစချတဲ့အချိန်က ဂိတ်စဖွင့်တဲ့အချိန်ဆိုတော့ အသွားအလာတော့ အနည်းအကျဉ်းရှိတယ်။ သူတို့စစ်ဆေးရေးဂိတ် အနောက်ဘက်ကို ၁လုံး၊ ကတုတ်ကျင်းထဲကို ၁လုံး ကြဲချတိုက်ခိုက်ပါတယ်” လို့သူကဆိုပါတယ်။

မလွဲတောင်ဂိတ် ဗုံးကြဲတိုက်ခိုက်ခံရတဲ့အချိန်မှာတော့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေထွက်ပေါ်ပြီးနောက်မှာတော့ ရန်ကုန်-ထားဝယ်ကားလမ်းမကို စစ်ကောင်စီတပ်တွေက ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တယ်လို့ ခရီးသည်တင်ကား မောင်းနေသူတွေဆီကနေ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်တွေဘက်က စစ်ဆေးရေးဂိတ် မီးလောင်ပျက်စီးခဲ့ပြီး အဆောက်အအုံတွေ ပျက်စီးတာနဲ့ စစ်ကောင်စီတပ်သား ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ရဲဘော်ပါပီလွန်က ဆက်ပြောပါတယ်။

အလားတူ မတ်လ ၂၃ရက်နေ့မှာဘဲ့ ရေဖြူမြို့နယ်၊ မင်းသားရွာရှိ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေနေထိုင်တဲ့ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့ကလည်း မလွဲတောင်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မွန်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

 

သတင်း-နော်အယ်နီး

ပုံ- မလွဲတောင်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်တဲ့ရုပ်သံ

Phar Si Than (People’s Radio Myanmar)