ကော့ကရိတ်မြို့မှာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်

ဇန်နဝါရီလ ၂၃ရက်၊၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂၂ရက်နေ့ နေ့လည် ၁၂ နာရီလောက်က ကော့ကရိတ်မြို့ထဲရှိ ဝင်းကြီး၊ချောင်းတောင်နဲ့ တံတားဦးရပ်ကွက်တွေဘက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့သလို စစ်တပ်လက်အောက်ခံ ခမရ ၉၇ တပ်ရင်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” မနက်အစောကြီးမဖြစ်ဘူး၊ ၁၂ ကျော်မှ တိုက်ပွဲ ဖြစ်တာ၊ သေနတ်သံတွေ လက်နက်ကြီးသံတွေက ဆူညံ့နေတာဘဲ၊ ၉၇ ကနေ လက်နက်ကြီးနဲ့ ပစ်တယ်၊ ပစ်တာကတော့ တောင်ကြာအင်းဘက်တွေ အာရှလမ်းမဘက်တွေကိုပစ်တယ်၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ကော့ကရိတ်မြို့ထဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပေမဲ့ နေအိမ်မီးလောင်တာတွေနဲ့ စစ်ရှောင်အိမ်တွေ ဖောက်ထွင်းခံနေရတာကြောင့် စစ်ဘေးရှောင်တွေဟာ ပစ္စည်းတွေပြန်လည်ဝင်ယူနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာဘဲ၊ အခုအိမ်ဖောက်ခံရတာလည်းရှိနေတယ်၊ အိမ်တွေလည်းမီးလောင်နေတယ်လေ၊အခုဆို တိုက်ပွဲဖြစ်နေလည်း အခြေနေကြည့်ပြီး ​ပစ္စည်းပြန်လာယူနေကြတယ်၊ မနေ့ကဆိုရင် ၆ဘီးကားတွေနဲ့ ပစ္စည်းပြန်လာယူကြတယ် လူတွေအများကြီးနဲ့၊” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့ထဲမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေသလို စစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေဆက်ရှိနေပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တာဝန်ကျရာ ရှေ့တန်းနေရာတွေမှာ ဆက်ရှိနေတယ်လို့ KNLA သတက်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

“တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေပါတယ်ဗျ၊ စကစ ဘက်က လက်နက်ကြီးနဲ့ရမ်းပစ်တာတွေလည်း နေ့တိုင်းရှိနေပါတယ်၊ ကျွန်တော်တို့ ရဲဘော်တွေကလည်း တာဝန်ကျရာနေရာတွေ၊ ရှေ့တန်းနေရာတွေမှာ နောက်မဆုတ်ဘဲ ဆက်ရှိနေကြပါတယ်၊” လို့ KNLA သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ဇန်နဝါရီလ ၂၃ရက်နေ့အထိ ၂လနီးပါးတိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂၀ ကျော်သေဆုံးခဲ့သလို ဒေသခံ နှစ်သောင်းဝန်းကျင်ဟာ စစ်ဘေးလွတ်ရာမြို့ရွာတွေဘက်ကို တိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့ စစ်တပ်သတင်းပေးတွေက စစ်ဘေးရှောင်နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေကြောင့် နေအိမ် ၂၀၀ ဝန်းကျင်ဟာ မီးလောင်ပျက်စီးနေပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောစကားတွေအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-ပုံဟောင်း

Phar Si Than(People’s Radio Myanmar)