ကော့ကရိတ်မြို့မှာ တိုက်ပွဲဆက်ဖြစ်နေပြီး နေအိမ် ၁၀ လုံးနီးပါး ထပ်မံမီးလောင်

ဇန်နဝါရီလ ၁၀ရက် ၂၀၂၄ ခုနှစ်

 

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ချောင်းတောင်ရပ်ကွက်က နေအိမ် ၁၀ လုံးနီးပါး ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ဇန်နဝါရီလ ၈ရက်နေ့အထိ တစ်လကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ စစ်တပ်သတင်းပေးတွေရဲ့မီးရှို့ဖျက်စီးတာတွေကြောင့် ဒေသခံနေအိမ် ၁၅၀ နီးပါးမီးလောင်ပျက်စီးခဲ့ပါတယ်။

ဇန်နဝါရီလ ၉ရက်နေ့ နေ့လည် ၁၂ နာရီလောက်ကလည်း ကော့ကရိတ်မြို့မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ချောင်းတောင်ရပ်ကွက်ရှိ နေအိမ် ၁၀ လုံးနီးပါး ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” နေ့လည် ၁၂ နာရီကျော်လောက်မှာ တိုက်ပွဲ ဖြစ်တယ်၊ တစ်မြို့လုံး သေနတ်သံတွေကော လက်နက်ကြီးသံတွေကောကြားရတယ်၊ ၁နာရီလောက်မှာစပြီး ချောင်းတောင်ကျောင်းနားမှာ မီးလောင်တယ်၊ မီးကတော်တော်ကြီးတယ်၊အဲ့ဒီနားက အိမ် ၁၀ လုံးလောက်ပါသွားတယ်၊” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့ထဲမှာ ညနေ ၅ နာရီကျော်တဲ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့သလို ခလရ ၉၇ ကနေလည်း လက်နက်ကြီးနဲ့ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒေသခံတစ်ဦးက ” ညနေ ၅ နာရီကျော်ပြီး မှောင်တဲ့အထိ ပစ်သံတွေကြားနေရတုန်းဘဲ၊ ၉၇ ကလည်း လက်နက်ကြီးနဲ့ဆက်တိုက်ထုတာ၊ တံတားဦးတို့ ဝင်းကြီးတို့ဘက်ကိုထုတယ်၊ ၆နာရီလောက်မှ ငြိမ်သွားတယ်၊” လို့ ပြောပါတယ်။

လက်ရှိအချိန် ကော့ကရိတ်မြို့နယ်တစ်ဝိုက်မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေသလို စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ KNLA သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

” လက်ရှိစစ်ရေးအခြေအနေကတော့ နှစ်ဖက်ထိတွေ့ မှုအနည်းငယ်‌တော့ရှိပါတယ်၊ စစ်ကောင်စီဘက်က ကော့ကရိတ်မြို့ထဲကို နေ့စဉ်လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေတော့ရှိပါတယ်ခင်ဗျာ၊” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မှာ ​ဒီဇင်ဘာလ ၁ရက်နေ့ကနေ ဇန်နဝါရီလ၁၀ရက်နေ့ အထိ ၁ လကျော်ကြာ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂၀ ကျော်သေဆုံးခဲ့သလို ဒေသခံ နှစ်သောင်းဝန်းကျင်ဟာ မြဝတီ၊​ဘား​အံနဲ့ မော်လမြိုင်မြို့တွေဘက်ကို လက်ရှိအချိန်ထိ စစ်​ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။

 

သတင်း-ကိုဖြိုး

ဓာတ်ပုံ-Social Media

Phar Si Than(People’s Radio Myanmar)