ဖာပွန်မြို့မှာစစ်ကောင်စီတပ်ကလက်နက်ကြီး၊ဒရုန်းတွေအပြင်လေကြောင်းကနေပါပစ်ခတ်ခဲ့လို့ ၅ နှစ်အရွယ်ကလေးတဦး နဲ့ အမျိုးသား၁ ဦးသေဆုံး

မတ်လ ၂၅ရက် ၂၀၂၄ခုနှစ်

 

ကရင်ပြည်နယ်၊ဖာပွန်မြို့မှာစစ်ကောင်စီတပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေအပြင်လေကြောင်းက‌ေနပါ တိုက်ခိုက်တာတွေကြောင့် ဒေသခံ၂ဦးသေဆုံးပြီး ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

မတ်လ ၂၄ ရက် နေ့လည် ၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ဘက်က အခုလိုပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဖာပွန်မြို့ အမှတ်၂ရပ်ကွက်က ၅နှစ်အရွယ်မိန်းကလေးတစ်ဦးနဲ့ အသက်၄၀ ကျော်ဝန်းကျင်အရွယ် အမျိုးသား၁ဦးတို့သေဆုံးသွားပြီး အသက်၄၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ်အသက် ၃၀အရွယ်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ယောကျ်ားတစ်ယောက်က ဗုံးသီးသူ့နားကျလို့ခြေထောက်၂ဖက်လုံးထိသွားတယ် မိန်းကလေး ၂ ယောက်က တစ်ယောက်ကလက်တစ်ဖက်ပြတ်သွားတယ် တစ်ယောက်က ပေါင်မှန်သွားတယ် ”လို့ဖာပွန်‌ေဒသခံအမျိုးသား တစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဖာပွန်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့သူတွေကိုလဲ စစ်ကောင်စီတပ်ဘက်မှ မြို့ပြင်ထိဒရုန်းနဲ့ လိုက်လံပစ်ခတ်တာမျိုးတွေလုပ်ဆောင်သလို ပြည်သူတွေအနေနဲ့လဲ ထွက်ပြေးတဲ့  လမ်းပိုင်းမှာလည်း မိုင်းနင်းမိမှာကိုလဲ စိုးရိမ်ရတယ်လို့သူကဆက်ပြောပါတယ်။

“ထွက်တာကခိုးထွက်ရတယ် တွေ့ရင်ဒရုန်းနဲ့လိုက်ပစ်တယ် လမ်းတစ်လျှောက်လုံး တောတွေကနေပဲ လာရတယ် တောထဲမှာလည်းမိုင်းလည်းကြောက်ရတယ်”လို့သူကပါတယ် ။

ဖာပွန်မြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံတွေမှာ ကမမောင်းမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး လမ်းခရီးအခက်အခဲကြောင့် အိမ်ထောင်စု၂၀ ေလောက်သာ ရောက်ရှိလာသေးတယ်လို့ ကမမောင်းမြို့ဒေသခံတွေကပြောပါတယ်။

မတ်လ ၁၉ရက်နေ့တုန်းကလည်းစစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကုလားကိုင်းကျေးရွာက အသက်၁၈နှစ်ယောကျ်ားလေးတစ်ဦးနဲ့ အသက်၅၀အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

သတင်း-နော်ဖူးဖူး

ပုံ-Cj

Phar Si Than (People’s Radio Myanmar)