ပလမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ၃၀၀၀ကျော် စစ်ဘေးရှောင်နေရ

 ပလမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ၃၀၀၀ကျော် စစ်ဘေးရှောင်နေရ

By− နော်အယ်နီး

Date- August 5, 2025

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့မှာ ဒေသတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ ၃၀၀၀ကျော် ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

ဇူလိုင်လ ၂၃ရက်နေ့ကတည်းက ပလမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့တာ ဖြစ်တယ်လို့ ပလမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က ကြည်းရေလေ အသုံးပြုကာ ခုခံတိုက်ခိုက်နေခဲ့တာကြောင့် ဒေသခံ ၃၀၀၀ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေနဲ့ နီးစပ်ရာရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး တချို့ဒေသခံတွေကတော့ ပိတ်မိနေတာမျိုးတွေလည်း ရှိခဲ့တယ်လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။ 

“ တိုက်ပွဲစဖြစ်တုန်းကတော့ ပိတ်မိနေတဲ့သူများတယ်။ နည်းနည်းပြန်ငြိမ်သွားတော့ တော်လှန်ရေးတပ်တွေဘက်က ခေါ်ထုတ်ပေးတာတွေရှိတယ်။ တချို့ကလည်း မပြေဘူး။ အဲ့မှာဘဲ့ နေနေကြတယ်” လို့သူက အခုလိုပြောပါတယ်။ 

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးပစ်ခတ်တာနဲ့ အကြောင်းမဲ့ပစ်သတ်တာတွေကြောင့် ဒေသခံ ၂၀ကျော်ထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်အများအပြားလည်း မီးလောင်ပြာကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်တွေက ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေ ပိတ်ထားတာကြောင့် စစ်ရှောင်တွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါတယ်။ 

“ မိုးရာသီဆိုတော့ ဖျားနာတဲ့သူများတယ်။ ဆေးကလည်း လုံလုံလောက်လောက်မရှိနေဘူး။ တချို့ဆေးတွေဆို ရှိတောင်မရှိတော့ဘူး။ ကျနော်တို့နေရာတွေကလည်း မိုးအရမ်းရွာတဲ့နေရာတွေလေ။ ပိုဆိုးတာပေါ့” လို့သူက အခုလိုပြောပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လက တနင်္သာရီတိုင်းအတွင်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်တာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လေကြောင်းရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၈၀,၃၀၀ကျော် အထိရှိခဲ့တယ်လို့ FE5 Thanintharyi ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ 

ပုံ− ပလမြို့စစ်ရှောင်များ

Leave a Reply

Your email address will not be published. Required fields are marked *