
မေလ ၉ရက်နေ့၊ ၂၀၂၄ခုနစ်
သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီတပ်ဟာ ကနက်သီရိရွာနဲ့ ရငဲရွာထဲကို လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ချောင်းမြိုနယ် ဒေသခံတွေဆီကနေ သိရပါတယ်။
မေလ ၈ရက်နေ့၊ ညနေ ၅နာရီဝန်းကျင်လောက်မှာ ကနက်သီရိကျေးရွာရှိ စာသင်ကျောင်းနဲ့ ဘောလုံးကွင်းတွေထဲကို စစ်ကောင်စီတပ်က ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ဘောလုံးကန်နေတဲ့ အသက် ၁၃နှစ်အရွယ် ကလေးငယ်နှစ်ဦး ဗုံးစထိမှန်တာကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး ၆ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။
“ တိုက်ပွဲက ကျနော်တို့ ရွာမှာ ဖြစ်တာလည်း မဟုတ်ဘူး။ သက်သက်မဲ့ကြီး ဗုံးလာကြဲသွားတာ။ ညနေပိုင်းဆို ဘောလုံးကွင်းထဲမှာက ခြင်းခတ်တဲ့သူနဲ့ ဘောလုံးကန်တဲ့သူတွေက အမြဲရှိတယ်။ ပြည်သူတွေကို အဓိကပစ်မှတ်ထားပြီး လုပ်သွားတာ” လို့သူက အခုလိုပြောပါတယ်။
ကနက်သီရိရွာ ဗုံးကြဲခံရတာကြောင့် ကနက်သီရိစာသင်ကျောင်း ပျက်စီးခဲ့ရပြီး ဗုံးစထိမှန်တဲ့ ကလေးငယ်တွေကတော့ အခုလက်ရှိ ဆေးကုသမှု ခံယူနေရတယ်လို့ သူကဆက်ပြောပါတယ်။
အဲ့ဒီနောက် ညနေ ၅နာရီခွဲဝန်းကျင်လောက်မှာတော့ ရငဲကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံ ပျက်စီးခဲ့တယ်လို့ ရငဲရွာ ဒေသခံက ပြောပြပါတယ်။
“ လေယာဉ်လာတာက အသံကမကြားရဘူး။ ဗုံးကြဲချလိုက်မှ သိရတာ။ဘယ်နားကို သွားပုန်းလို့ ပုန်းရမယ်မှန်းတောင် မသိဘူး” လို့သူက ပြောပါတယ်။
ပဲဒက်ရွာ စခန်းကို မေလ ၈ရက်နေ့၊ မနက် ၈နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းဆည်းလိုက်ပြီး ညနေပိုင်းလောက်မှာတော့ စစ်ကောင်စီတပ်တွေဘက်နေ K8Wနဲ့ Mi-2ရဟတ်ယာဉ် သုံးစီးနဲ့ လာရောက်ဗုံးကြဲခဲ့ပြီး ပင်လယ်ပြင်မှာ ကျောက်ချထားတဲ့ စစ်သင်္ဘော ၄စီးပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲနဲ့ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေလည်း ပိတ်မိနေတယ်လို့ သိရပါတယ်။
မေလ ၅ရက်နေ့ကနေ ၇ရက်နေ့အထိ စစ်ကောင်စီတပ်က ပဲဒက်ကျေးရွာကို လေကြောင်းကနေ ၃ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်မှုတွေရှိခဲ့ပြီး အိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း-နော်အယ်နီး
ပုံ- ကနက်သီရိရွာ
Phar Si Than (People’s Radio Myanmar)