
စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စကခ (၁၉)လက်အောက်ခံ ခလရ ၆၁ က စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေါနစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်အချိန်မှာ ရေးမြို့နယ်အခြေစိုက် လစကခ(၁၉) လက်အောက်ခံ ခလရ ၆၁ က စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်လောက်ကို လက်ခတ်တောင်နဲ့ ကော့ကရိတ်ဘက်ကို ပို့ဆောင်မယ်လို့သတင်းရရှိတာကြောင့် လက်နက်ကြီးနဲ့သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကြောင်းမှူးစောဒါးကိုကပြောပါတယ်။
“ဒီကောင်တွေလက်ခတ်တောင်နဲ့ကော့ကရိတ်ကို ပို့ဖို့အခြေနေရှိတယ် သတင်းရတယ် အင်အား ၁၀၀ လောက်စုတယ်လို့ကိုသတင်းရတယ် သတင်းရတော့ ကျွန်တော်တို့ကမနက်ကြီးပေါ့နော် ဒီဘက်မှာ အခြေစိုက်တဲ့ မွန်လူငယ်အဖွဲ့တွေနဲ့ ဒေါနစစ်ကြောင်းပေါ့နော် ပူးပေါင်းပြီးတော့ စောင့်ပြီးတော့ သူတို့ဆင်းလာနိုင်တဲ့လမ်းတွေကို သူတို့ထွက်ဝင်နိုင်တဲ့လမ်းတွေရယ်ကို လှမ်းထောက်ပြီးတော့ ဒီဘက်ကနေပြီးတော့ လက်နက်ကြီးနဲ့ 81 နဲ့ပစ်တာပေါ့နော် ပစ်တဲ့အချိန်နဲ့ တန်းစီတဲ့အချိန်နဲ့ ကွက်တိကျတာပေါ့ အဲ့ဒီအခြေနေကြောင့်မို့လို့ သူတို့ထိခိုက်ဒဏ်ရာရတာတော်တော်များသွားတာ” လို့ သူကပြောပါတယ်။
ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းပို့ဆောင်ပေးနေတဲ့အဖွဲ့တွေဟာလည်း အခုအချိန်မှာ ရေလမ်းကိုသာအဓိကထားပြီး အသုံးပြုနေကြတယ်လို့ သူကဆက်ပြောပါတယ်။
“စစ်ကောင်စီရဲ့ ထောက်ပို့တပ်တွေကလည်း ပြည်ထောင်စုလမ်းကသွားလာတာတွေ အလွန်နည်းပါးလ နေပြီးတော့ ရေလမ်းကိုပဲ အသုံးပြုနေရပါတယ်” လို့သူကပြောပါတယ်။
အခုလိုပစ်ခတ်တိုက်ခိုက်မှုမျိုးကို ဒေါစစ်ကြောင်းနဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော် လှန်ရေးတပ် MSRF၊ ရေးပြောက်ကျားတပ်ဖွဲ့ YGF၊ ABSDF တပ်ရင်း(၁)နဲ့ KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
အခုလို စစ်ကောင်စီတပ်သားတွေကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးတွေနဲ့ ပြည်လည် ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်မှ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိတာမျိုးတော့ မရှိဘူးလို့ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ၊ ဇူလိုင်လနဲ့ သြဂုတ်လတွေမှာလည်း အမှတ် ၈ လမ်းပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့သလို အခုလက်ရှိအချိန်မှာလည်း ရေးမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးနဲ့ အမှတ် ၈ ပြည်ထောင်လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)