
ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တောင်ကြာအင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။
တောင်ကြာအင်းကျေးရွာမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက် ၆ နာရီလောက်ကစပြီး တိုက်ပွဲတွေဖြသ်ပေါ်နေတာမှာ စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အသက် ၄၀ ဝန်းကျင်အရွယ်ဒေါ်မိစုဆိုသူသေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေကပြောပါတယ်။
” တိုက်ပွဲက မနက်အစောကြီးထဲက ဖြစ်နေတာ၊ ရွာထဲမှာ အသံတွေလည်း ညံနေတယ်၊ မိစုကတော့ လက်နက်ကြီးထိပြီးသေတာ၊ ခေါင်းအနောက်မှာထိသွားတယ်၊ စစ်တပ်ကလက်နက်ကြီးနဲ့ ဆက်တိုက်ထုနေတာ၊” လို့ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တောင်ကြာအင်းကျေးရွာထဲမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းလောက်ကစပြီး တိုက်ပွဲတွေဖြစ်ပေါ်နေပြီး စစ်တပ်ရဲ့လက်နက်ကြီးကျောင့် ကျေးရွာထဲက ကျောင်းဆောင်တစ်ဆောင်မီးလောင်ပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။
” တိုက်ပွဲက မနေ့ထဲကဖြစ်နေကြတာ၊ ညမှောင်တဲ့အထိဆက်တိုက်ဖြစ်နေတာ၊ ရွာထဲကကျောင်းတစ်ကျောင်း မီးလောင်သွားတယ်လက်နက်ကြီးထိလို့၊ တိုက်ပွဲက အခုထိဖြစ်နေတယ်၊” လို့ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ၂၀ ရက်နေ့အထိ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂၀ ကျော် သေဆုံးခဲ့သလို ပြည်သူနေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်ပါတယ်။
လက်ရှိအချိန် ကော့ကရိတ်မြို့ထဲက ဝင်းကြီး၊ ချောင်းတောင်၊တံတားဦးရပ်ကွက်တွေအပြင် တောင်ကြာအင်း၊ မြောက်ကြာအင်း၊ ကော့နွဲ့၊ အံဖကြီး၊အံဖလေးကျေးရွာနဲ့ အာရှလမ်းမဘက်တွေမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)