
ဖေဖော်ဝါရီလ ၂၃ရက်နေ့၊ ၂၀၂၄ခုနှစ်
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲပြီး စစ်တပ်ဘက်က အထိနာများတာကြောင့် စစ်ကောင်စီတပ်တွေဘက်က ရဟတ်ယာဉ်နဲ့ တတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့၊ နေ့လည် ၂နာရီခွဲလောက်မှာ ဝကုန်းရွာနဲ့ သင်္ကန်းတုံးရွာကြားကို Mi-2ရဟတ်ယာဉ်နဲ့ ဗုံးသီး ၁၀လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲအတွင်း ပါဝင်တဲ့ ရဲဘော်တစ်ဦးက ဆိုပါတယ်။
“ ကျနော်တို့ ရှိနိုင်တယ်လို့ ထင်တဲ့နေရာတွေကို ၈လုံးဆက်တိုက်အရင်ကြဲတယ်။ ပြီးမှ နောက်ထပ် ၂လုံးချတယ်။ အသံတွေကတော့ အကျယ်ကြီးဘဲ” လို့သူက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၇ရက်ကနေ ဖေဖော်ဝါရီလ ၂၂ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာနဲ့ ပျက်စီးဆုံးရှုံးတာတွေများတာကြောင့် အခုလို လေကြောင်းပစ်ကူပေးနေတာ ဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တစ်ယောက်က သုံးသပ် ပြောဆိုပါတယ်။
စစ်ကောင်စီတပ်က တတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုကို နေ့လည် ၂နာရီခွဲကနေ ၃နာရီကျော်လောက်ထိ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၁ရက်နေ့ကလည်း စစ်ကောင်စီတပ်က Mi-2 ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
နှစ်ရက်တာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေကိုတော့ မြေပြင်အခြေအနေအရ အတည်မပြုနိုင်သးပါဘူး။
တနင်္သာရီတိုင်းထဲရှိ ထားဝယ်၊ ပုလော၊ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်တွေကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ်အစ နှစ်လအတွင်း လေကြောင်းကနေ တိုက်ခိုက်တာ ၇ကြိမ် ရှိပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေ အရ သိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- စစ်ကောင်စီတပ်ရဲ့ Mi-2ရဟတ်ယာဉ်
Phar Si Than (People’s Radio Myanmar)