
ဧပြီလ ၉ရက်၊ ၂၀၂၄ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာဘက်ကိုစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံတွေမှာ စစ်ဘေးတိမ်းရှောင် နေရတာလည်း ဖြစ်ပါတယ်။
မတ်လ နောက်ဆုံးအပတ်ကနေစပြီး စစ်ကောင်စီတပ်ဘက်မှ အခုလိုပစ်ခတ်တာတွေကြောင့် အိမ်ခြေ (၁၀၀၀) ဝန်းကျင်ရှိတဲ့ ဓမ္မသကျေးရွာက ဒေသခံတွေမှာ မော်လမြိုင်မြို့နဲ့အနီးအနားကျေးရွာေတွဘက်မှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေထဲက ဒေသခံ (၅၀၀) ကျော် ဟာဘီလူးကျွန်းရှိ မုဒွန်းဘုန်းကြီးကျောင်းနဲ့ ဒရယ်ဒရွာက ဘုံမြင့်ဘုန်းကြီးကျောင်းမှာ ရှောင်နေရတဲ့အတွက် အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါးတွေနဲ့ သောက်ရေသန့်တွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးကပြောပါတယ်။
“လောလောဆယ်တော့ ဆေးဝါးပေါ့ ရာသီဥတုက တအားပူတော့လေသောက်ရေတွေလည်း လိုတယ် သက်ကြီးရွယ်အိုတွေလည်းများတာပေါ့ တခြားဘုန်းကြီးကျောင်းတွေမှာလည်း ရှောင်တာတော့ရှိတယ် သူတို့မိတ်ဆွေတွေအသိမိတ်ဆွေတွေမှာလည်း ဖြန့်ပြီးတော့နေကြတာတွေရှိတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်မှ ညပိုင်းအချိန်မှာလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ကျေးရွာအတွင်းရှိဘုန်းကြီးကျောင်းနဲ့ နေအိမ်တစ်ချို့ ဆက်လက်မီးလောင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ဘုန်းကြီးကျောင်းတော့ထိသွားတယ် ညကလေယာဉ်လည်းလာတယ် အခုလည်းပစ်နေတာပဲ လောင်တဲ့နေရာလည်း လောင်နေတာပဲကော့ဘိန်းဘက်မှာလည်းကြဲတယ် တရနာမှာလည်းကြဲတယ်၊ ဓမ္မသမှာလည်းကြဲတယ်ရွာထဲမှာလည်း လူတွေကမကျန်တော့ဘူး”လို့ဆိုပါတယ်။
၂၀၂၄ ခုနှစ် အစပိုင်းကနေစပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ အကြောင်းမဲ့မီးရှို့တာတွေကြောင့် အရပ်သားပြည်သူနေအိမ်မီးလောင်တာမှာ အလုံး(၅၀၀)ထပ်မနည်းရှိနေပြီလည်းဖြစ်ပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)