ခရီးသွားပြည်သူတွေဆီကနေ  ငွေတောင်းခံတဲ့ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့ တစ်ဦးသေဆုံး

ဧပြီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှ‌ေကျးရွာ လမ်းခွဲမှာရှိတဲ့  စစ်ကောင်စီ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်ဆီက သိရပါတယ်။

 

ဧပြီလ ၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ခရီးသွား ပြည်သူတွေရဲ့ ကားတွေကို တားပြီး ငွေးကြေးတောင်းခံနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က  အီနာဂါဗုံးသီးနဲ့ ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား (၁) ဦး သေဆုံးပြီး (၃ ) ဦးဒထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကို အတွင်းသတင်းပေးတွေထံက သိရတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးသတင်းတာဝန်ခံ ဗိုလ်လက်ယာ မှ People’s Radio Myanmar ကို ပြောပါတယ်။

 

“  ပြည်သူတွေကားတွေကို ငွေကြေးကောက်ခံတာ သိနေရတော့ ဗုံးသီး လေးလုံးဆက်တိုက်ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာ ခွေးတစ်ကောင်သေပြီး စခ နှစ်ကောင် ရခတစ်ကောင် ထိခိုက်ဒဏ်ရာရတယ်” လို့ သူက ပြောပါတယ်။

 

အဲဒီစစ်ကောင်စီတပ်သား‌တွေဟာ ဒေသခံတွေရဲ့ကားတွေကို တားဆီးပြီး ငွေကြေးတောင်းခံတာ၊ ဆဲဆိုတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဆက်သွယ်မှုရှိ မရှိစစ်မေးတာ၊ ရိက္ခာပမာဏကိုကန့်သတ်တာမျိုးတွေလုပ်‌‌ဆောင်ပြီး သူတို့နဲ့ ရင်းနှီးသူတွေကိုတော့ ရိက္ခာပမာဏကန့်သတ်တာမျိုးမရှိဘူးလို့လည်း ဗိုလ်လက်ယာ ကဆက်ပြောပါတယ်။

 

စစ်ကောင်စီတပ်သား‌တွေ အီနာဂါဗုံးသီး နဲ့ ပစ်ခတ်ခံရပြီး‌နောက် လက်နက်ကြီးတွေနဲ့ အနီးအနားကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့လဲလူထိခိုက်သေဆုံးတာမျိုးမရှိဘူးလို့လည်းသိရပါတယ်။

 

ဒီနေ့မနက်ထိလဲသေဆုံးသူ ၁ ဦးရဲ့ အလောင်းကို လာရောက်ကောက်ယူခြင်းမရှိတဲ့အတွက် မနက် ၉ နာရီလောက်မှာ မီးသဂြိုဟ်ပေးခဲ့တယ်လို့ ဗိုလ်လက်ယာက  ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

 

ပခုက္ကူခရိုင်၊မြိုင်မြို့နယ် ဝက်ပုတ်ပျူကျေးရွာကို ဒေသခံတော်လှန်ရေးတပ်တွေက ဧပြီလ ၃ ရက်နေ့ကနေ ၆ ရက်နေ့ညနေထိ လေးရက်ဆက်တိုက် အီနာဂါဗုံးသီးတွေနဲ့ ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား(တပ်ကြပ်ကြီး) တစ်ဦးသေဆုံးပြီး ပျူစောထီး(ပြည်သူ့စစ်)လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

သတင်း- Naw Drizzle

ပုံ- ပေးပို့

ပုံစာညွှန်း- သေဆုံးစစ်ကောင်စီတပ်သားအလောင်း