
နိုဝင်ဘာလ ၁၅ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ချောင်းနှစ်ခွတံတားအနီးကကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဆက်ပြီး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ (၁၀)ရက်နေ့ကနေ အခု(၁၅)ရက်နေ့ထိကို ချောင်းနှစ်ခွကျေးရွာနဲ့ တောင်ကလေးကျေးရွာ က လမ်းပိုင်းအတွင်းမှ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက် လက်ပြင်းထန်နေသလို စစ်ကောင်လေတပ်ဘက်ကလည်းလေယာဉ်နဲ့ပစ်ကူပေးနေတယ်လို့ KNLA သတင်း အရင်းအမြစ်တစ်ဦးကပြောပါတယ်။
“တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေတုန်းပဲ တိုက်ပွဲကနေ့တိုင်းဖြစ်နေတယ် ချောင်းနှစ်ခွ တောင်ကလေးတကြောမှာ သူတို့လည်းလေယာဉ်နဲ့ပစ်ကူတယ် တစ်နေ့ကို အနည်းဆုံးသုံးလေး ခေါက်လောက်တော့ ဆက်တိုက်လာတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင်အောက်တိုဘာ(၁၅)ရက်နေ့ နေ့လည် (၁၁)နာရီ (၃၀)မိနစ်အချိန်မှာ တောင်ကလေးကျေးရွာ အနီးနှစ်ဖက်ထိတွေ့ပစ်ခတ်သံတွေကို ကြားနေရပြီး(၅)မိနစ်လောက်အကြာမှာတော့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ၁နာရီနီးပါးကြာတဲ့အထိကို လှကဇိုင်းရွာနဲ့ တောင်ကလေး ကျေးရွာအစပ်နားကို လှည့်ပတ်ပစ်ခတ်နေတယ်လို့ တောင်ကလေးကျေးရွာနေ ကျေးရွာသားတစ်ဦးကပြောတယ်။
“ပြောရင်းနဲ့တိုက်ပွဲကစနေပြီ အများကြီးပဲ ပစ်နေတယ်အခု ထိတွေတိုက်ပွဲသံပဲ ရွာနဲ့နီးတယ် လေယာဉ်လည်းလာပြီ ပစ်နေတယ် မပြန်သေးဘူး အကြာကြီးနေပြီး သေချာမှပစ်နေတာ မနေ့ညကလည်းတူတူပဲ အပေါ်မှာအကြာကြီးဝဲနေပြီးမှပစ်တာအရှေ့ဘက်ကိုပဲပတ်ပြီး ပစ်လိုက်လှည့်လိုက်လုပ်နေတုန်းပဲလေယာဉ်လာတော့တိုက်ပွဲသံကမကြားရတော့ဘူး”လို့သူကပြောပါတယ်။
အခုလက်ရှိအချိန်ကဒါရွာနဲ့ကျွန်းရွာလမ်းမှာ ပြန်လည်သွားလာလို့ရနေပြီဖြစ်ပြီး မုဒုံမြို့မှာသွား ရောက်တိမ်းရှောင်နေကြတဲ့တောင်ကလေးကျေးရွာနဲ့ အနီးအနားကျေးရွာက ဒေသခံတစ်ချို့ကတော့ ကျေးရွာတွေအတွင်းပြန်လည်လာရောက်နေထိုင်နေကြပြီလို့ ဆိုပါတယ်။
နိုဝင်ဘာလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့မှာတော့ မုဒုံမြို့အမြှောက်တပ်ကနေ လက်နက်ကြီးမပစ်တော့ပဲ တောင်ကလေးရဲစခန်းနဲ့ အနီးအနားကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကနေ (၁၂၀)မမ လက်နက်ကြီးတွေနဲ့ လက်နက်ငယ်တွေနဲ့ပါတယ် ကျေးရွာတွေအတွင်းကို ပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။
ချောင်းနှစ်ခွကျေးရွာနဲ့ တောင်ကလေးကျေးရွာကြား (၆)ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပေါလောကျေးရွာကကလေးငယ်နှစ်ဦးသေဆုံးခဲ့ပြီး ဒေသခံပြည်သူနေအိမ် ေတွနဲ့ ရာဘာခြံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ် တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)