[videopress o1BZlxaR]
_
By – နော်အယ်နီး
Date – 19 August 2024
ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အလစ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်မြို့ခံတွေနဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှာ နယ်/လုံဝန်ကြီးလိုက်ပါလာတဲ့မော်တော်ယာဉ်ကို ဆင်ဆိပ်ရပ်ကွက်၊ ရေးလမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက် ခိုက်ခဲ့ပြီးနောက် ဆင်ဆိပ်ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲလိုက်တာပဲ ဖြစ်ပါတယ်။
ဩဂုတ်လ ၁၇ ရက်၊ ညနေ ၅ နာရီဝန်းကျင်မှာတော့ အင် အား ၅၀ ဝန်းကျင်နဲ့တပ်စွဲထားတဲ့ ဆင်ဆိပ်ရပ်ကွက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်
တွေက စနိုက်ပါနဲ့ အလစ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် ထားဝယ်မြို့ကစစ်ကူတွေထပ်ရောက်လာတာကြောင့် အပြန်အလှန်ပစ်ခတ်မှု ၁ နာရီ ဝန်းကျင်ဖြစ်ပွားခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
သူက “ အရင်ကတော့မရှိဘူး။ ဘန်ကာတွေနဲ့ အခိုင်အမာနေနေတာမျိုးပါ။ စပစ်တဲ့အချိန်တွင်းမှာပဲ စစ်တပ်ဘက်က စစ်ကူတွေရောက်လာခဲ့တာပါ” လို့ပြောပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကတော့ အထိအ ခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမယ့် ပစ်ခတ်မှုကြောင့် ဆင်ဆိပ်ရပ်ကွက်ကဒေသခံတွေ ဘေးလွတ်ရာဒေသတွေဆီ အရေးပေါ်ပြောင်းရွှေ့ခဲ့ကြရတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အဖွဲ့တာဝန်ရှိသူက “လက်နက်ကြီး၊ လက် နက်ငယ်တွေနဲ့ပါထပ်ပစ်တော့ စစ်တပ်ဘက်က ထိခိုက်သူက အနည်းနဲ့အများတော့ရှိမှာပါ။ ကျွန်တော်တို့က စနိုက်ပါနဲ့ပစ်တာကိုပဲ အတည်ပြုခဲ့ပါတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးအဖွဲ့ – YPPDF နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် – DNLA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှာတော့ စစ်ကောင်စီနယ်/လုံဝန်ကြီးလိုက်ပါလာတဲ့မော်တော်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့တွေကပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ပစ်ခတ်တိုက်ခိုက်ဖြစ်ပွားနေသောရုပ်သံ။