ထားဝယ်မြစ်ထဲက စစ်တပ်ရဲ့ ရေတပ်သင်္ဘောဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

[videopress 1kJDojwg]

ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၄ခုနှစ်

 

ပင်လယ်ပြင်ကနေ ထားဝယ်မြစ်အတိုင်းဝင်လာတဲ့ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၆ရက်နေ့၊ ညနေ ၆နာရီကျော်လောက်မှာ ထားဝယ်မြစ်ထဲကို စစ်ကောင်စီ ရေတပ်သင်္ဘောဝင်ရောက်လာတဲ့အချိန် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ LLPDF ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ အဲ့သင်္ဘာက ၃၀ရက်နေ့ တိုက်ပွဲဖြစ်တုန်းက ပင်လယ်ထဲကနေ လက်နက်ကြီးပစ်ကူပေးတဲ့ သင်္ဘောပါ။ ထားဝယ်မြစ်ဝမှာ ပုံမှန် ၁စီးရှိပါတယ်။ ဒီတစ်စီကတော့ ရောက်တာ ၁လလောက်ဘဲရှိသေးတယ်” လို့ သူက အခုလို ပြောပါတယ်။

အဆိုပါ သင်္ဘောပေါ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီး ၁လုံကြဲချတိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောအရှေ့ပိုင်း ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၅ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်ကနေ လက်နက်ကြီး၊ စက်လက်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် သကျက်တော၊ ရဘဲရွာ အနီးတဝိုက်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မခံရခင် ညနေ ၅နာရီလောက်မှာ ထားဝယ်မြစ်ထဲကို ဆန်တက်လာပြီး လောင်းလုံဘက် မြစ်ကမ်းတစ်လျှောက်ကို သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်သမ်းပစ်ခတ်ခဲ့သေးတယ်လို့ လောင်းလုံမြို့နယ်ဒေသခံက ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ပျူစောထီးစခန်းရှိတဲ့ ကျောက်နီမော်ရွာဘက်ကို စစ်သင်္ဘောမောင်းနှင်သွားပြီး ညတွင်းချင်း မြိတ်မြို့ဘက်ကို ပြန်ဆင်းသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)နဲ့ federal Polaris Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းတစ်စီး ဆုံးရှုံးခဲ့တယ်လို့ တော်လှန်ရေးတပ်တွေရဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

 

သတင်း- နော်အယ်နီး

ပုံ- စစ်သင်္ဘောတိုက်ခိုက်ခံရတဲ့ရုပ်သံ

Phar Si Than (Peopel’s Radio Myanmar)